TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ

ယနေ့ နေ့လည် ၃ နာရီအချိန်တွင် တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲနေသည်ဟု သိရသည်။

မြို့ခံအမျိုးသမီးတစ်ဦးက “ အခုကျမက အလုပ်ကိစ္စနဲ့အပြင်မှာရောက်နေတာ၊ နေ့လည် ၁ နာရီကတည်းလာဝဲနေတာ၊ သွားလာပြန်လိုက် အခုဗုံးချနေပြီ၊ ရပ်ကွက် ၄ ဘက်က ရတနာမိုးဆီဆိုင်ဘက်မှာ ချတာနဲ့တူတယ်၊ မီးခိုးတောင်မြင်ရတယ်၊ ၁ နာရီကတည်းက လေယာဉ်ဝဲနေလို့ ကျောင်းတွေပိတ်လိုက်ပြီ၊ စျေးထဲမှာ သူများကြောက်လို့ စျေးပိတ်ပြီးအိမ်ပြေးကုန်ကြတာ” ဟု ပြောသည်။

အခုလက်ရှိမှတ်တမ်းရေးသားနေချိန် ကွတ်ခိုင်မြို့မ စျေးအတွင်းတွင်ဗုံးကြဲနေသောကြောင့် မီးလောင်နေသည်ကို သိရှိရသည်။ ထို့အပြင် အခြားသောနေရာတွင် ဗုံးကြဲနေတာကြောင့် လူထုထိခိုက်မှုရှိ/မရှိကို မသိရှိရသေးဟု အထက်ပါမြို့ခံက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ နှင့် ဇူလိုင်လတွင်လည်း ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင်လည်း သိန္နီမြို့လယ်စျေးရပ် နှင့် ရပ်ကွက်အတွင်း ညသန်းခေါင်ယံအချိန်တွင် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သား ဒဏ်ရာရသူ(၉) ဦး နှင့် သေဆုံးသူ (၇) ဦးထက်မနည်းရှိခဲ့သည်။

အဆိုပါ ထိုဗုံးကြဲခြင်းကြောင့် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၊ အရပ်သားနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

ဓာတ်ပုံ – ဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#လေယာဉ်ဗုံးကြဲ

#ကွတ်ခိုင်မြို့

#စျေးမီးလောင်

#ရှမ်းမြောက်