ကွတ်ခိုင်မြို့တွင် စကစမှ လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

ယနေ့ ၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီးနောက် အရပ်သား (၄) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သတင်းသိရှိရသည်။

“ကိုယ်တိုင်မြင်ခဲ့ရတာတော့ စျေးရှေ့ လမ်းမကြီးပေါ်မှာ လူ ၄ ယောက်သေသွားတယ်၊ အဲ့ဒီလူတွေက ဘယ်သူဘယ်ဝါမှန်းတော့ သေချာမသိရသေးဘူး၊ မိန်းကလေးတစ်ယောက်ပါတယ်၊ အဲ့ဒီလူတွေက လေယာဉ်လာတဲ့အချိန် ပြေးဖို့လုပ်နေတဲ့ လမ်းသွားလာလူတွေပဲ၊ ကွတ်ခိုင်စျေးလဲ တစ်ဝက်ပြာကျသွားပြီ၊ အခုကလေယာဉ်တော့ပြန်သွားပြီ” ဟု ကွတ်ခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါသေဆုံးသူများသည် အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၁ ဦးတို့တွင် ဝမ်းဗိုက်၊ ခြေထောက်ပျက်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဗြဟ္မာလူမှုရေးကူညီရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထိုဖြစ်စဉ်သိရှိသူ မြို့ခံမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောသည်။

ဂျက်ဖိုက်တာ(YAK-130)လေယာဉ်ဗုံးကြဲမှုကြောင့် ကွတ်ခိုင်မြို့မစျေး ထက်ဝက်မီးလောင်နေပြီး မီးသတ်ကား မီးငြိမ်းသတ်နေသော်လည်း မနိုင်သောကြောင့် စျေးထက်ဝက်ပြာကျသွားခဲ့သည်။

ထို့အပြင် တာမိုးညဲသွားသည့်လမ်းရှိ ကြက်ကင်အိမ်ဆိုင်ဘေးရှိ နေအိမ်တစ်အိမ်၊ ပန်းခြံမနက်စျေးတွင် တစ်အိမ်၊ ရပ်ကွက်(၄) ရှိ ရတနာမိုးဆီဆိုင်ရှေ့ရှိ ကုန်မာဆိုင်အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရှိရသည်။

ထိခိုက်မှုနှင့် သေဆုံးမှုစာရင်း အသေးစိပ်ကိုသိရှိနိုင်ရန် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်စုံစမ်း သွားမည်။

ဓာတ်ပုံ – ဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ကွတ်ခိုင်မြို့

#စျေးမီးလောင်

#လေယာဉ်ဗုံးကြဲ

#အရပ်သားသေဆုံး