စကစ မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ကျောက်မဲပြည်သူဆေးရုံတွင် ဗုံးကြဲခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းနှင့် လူနာ ၂၀ ကျော် ထိခိုက်

 အကြမ်းဖက်စစ်ကောင်စီမှ ရှမ်း/မြောက် တအာင်းတပ်မတော်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ကျောက်မဲမြို့ပေါ်ရှိ ပြည်သူဆေးရုံပေါ်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသည်။

 ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်း ဆေးကုသပေးနေသည့် CDM ဆရာမ (၂) ဦးနှင့် လူနာ (၁) ဦးသေဆုံးပြီး ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများ ၊ အရပ်သားများ နှင့် လူနာပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဉ်သိရှိသူ တစ်ဦးမှ” အဲ့နေ့ နေ့လည် ၁ နာရီခွဲ ဝန်ကျင်မှာလာချသွားတယ်။  ဗုံး ၂ ကြိမ်ကြဲတယ်။ ပျက်စီးတာက ၇ ခုရှိမယ် ဆေးရုံအဆောက်အဦးတွေအကုန်ပျက်တယ်။ ဆရာမ  ၂ ဦးဆုံသွားတယ်၊ လူနာ ၁ ဦးသေတယ်၊ ဒဏ်ရာရတဲ့သူ က ၁၆ ဦးရှိမယ်၊၊” ဟုပြောပါသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီမှ ကျောက်မဲပြည်သူဆေးရုံကို အကြောင်းမဲတိုက်ခိုက်ခြင်းကြောင့် ကျောက်မဲဒေသခံပြည်သူများမှ တခြားနေရာသို့ ရွှေ့ပြောင်းဆေးကုသနေရပါသည်။