ကျောက်မဲမြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် သံဃာတော်အပါအဝင်အရပ်သား ၇ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးကြဲခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး နှင့် သံယဃာတော်တစ်ပါးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးအထက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြသည်။
ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးမှ “ ၂ လုံးလာကြဲတယ်လို့ပြောတယ်၊ အိမ်စာရင်းကျတော့ ကျနော်မရီမိဘူး၊ သွားကြည့်ခဲ့ပုံအရဆိုရင်တော့ ၁၀ ကျော်လောက်တော့ထိတယ်၊ ၁၃ ၁၄ အိမ်လောက်ထိတယ်၊ အလောင်းကသွားကြည့်တဲ့ချိန်တုန်းကတော့ ၅ လောင်းပဲတွေ့သေးတယ်၊ ကျန်တဲ့လေးလောင်းတော့ ရှာလို့မတွေ့သေးဘူး၊ လူနာတွေကျတော့ ဒဏ်ရာအရမ်းများလို့ အကုန်လုံးကိုလားရှိုးလွှဲပြောင်းထားတယ်၊ သေဆုံးတဲ့အထဲမှာ ၁၈ နှစ်အောက် ကလေးမလေးကတော့ တစ်ယောက်ပဲတွေ့သေးတယ်လို့ ပြောတာပဲ၊ အပျိုပေါက်စလေးပေါ့၊ တအာင်းလူမျိုးများတယ်၊ ၁၀၀ မှာဆိုရင် ၇၀ လောက်တော့ တအာင်းတွေများတယ် “ သည်ဟု ပြောသည်။
သေဆုံးသွားသူများသည် အသက်(၁၇) နှစ်အရွယ် နန်းခမ်းအေး၊ အသက်(၅၀) နှစ်အရွယ် ဒေါ်အေးမွန်၊ အသက် ၅၇ နှစ်အရွယ် ဦးစိုင်းလှဌေး၊အသက် ၅၀ နှစ်အရွယ် နန်းအေးမွန်၊ အက် ၇၀ နှစ်အရွယ် ဒေါ်ခိုင်မယ်မူး၊ အသက် ၅၀ နှစ်အရွယ် ကိုအိုက်ထူး နှင့် ဦးဇင်းနန္ဒစမိ (အောင်ဆုပန်ကျောင်းတိုက်) တို့ ဖြစ်ကြသည်။
ထိခိုက်ဒဏ်ရာရရှိသူများသည် ဒေါ်မြသီတာ၊ ဒေါ်မြဝင်း၊ ရှိန်းထက်နိုင်၊ ကိုလှရွှေ၊ ဒေါ်နိုင်ကြာ၊ ကိုအိုက်သိန်း၊ မအေးမော်၊ ကိုအိုက်ဌေး၊ ဦးအိုက်စံ၊ စိုင်းမိန်းလီ၊ နန်းခမ်းလီ၊ ဒေါ်အေးဆောင်၊ ဒေါ်အေးလောဝ်၊ ခိုင်ရတီထွန်း တို့ဖြစ်ကြပြီး ဒဏ်ရာပြင်းထန်သူများကို ဆေးရုံပို့ဆောင်ထားပြီး ဆေးကုသနေပါသည်။
ထို့အပြင် အင်ကြင်းကျောင်းအပါအဝင် အရပ်သားနေအိမ် ၁၇ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် မိုးကုတ်မြို့၊ ကျောက်မဲမြို့၊ မိုင်းငေါ့မြို့နယ်(ခွဲ)၊ ကွတ်ခိုင်မြို၊ နမ့်ခမ်းမြို့ နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် နောင်ချိုမြို့တို့တွင် မကြာခဏလေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည်။
သတင်း – ကျောက်မဲဒေသခံ
#လေကြောင်းတိုက်ခိုက် #ပေါင်၅၀၀ #အကြမ်းဖက်စစ်ကောင်စီ #တအာင်းတပ်မတော်
#ဒေသခံသေဆုံး #နေအိမ်မီးလောင် #နေအိမ်ပျက်စီး