ကျောက်မဲမြို့အနီးတွင် စကစမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရ
၁၈ ရက် ဇူလိုင် ၂၀၂၅ ခုနှစ်
ကျောက်မဲမြို့နယ် ကြူရှော(မြောက်)ရွာကို ယနေ့ ၁၀ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်ဟု ဒေသခံများထံ သိရှိရသည်။
ကြူရှောကျေးရွာ အမျိုးသားတစ်ဦး ပြောပြသည်မှာ ကျေးရွာအတွင်းမှာ ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကြဲခဲ့သောကြောင့် နေအိမ် ၃ အိမ် ထိခိုက်ပျက်စီးခဲ့သည့်အနက် ၁ အိမ်မှာ လုံးဝပျက်စီးသွားခဲ့သည်။
ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အချိန် ကျေးရွာခံများ လက်ဖက်ခြံသို့ သွားသည့် အချိန်ဖြစ်သောကြောင့် အသက်ကြီးအရွယ် အမျိုးသားတစ်ဦး(အသက် ၇၈ နှစ်အရွယ် ဦးပေါ်ဆွယ်) ကို နဖူးတွင် ကျည်စအနည်းငယ် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ထိုဒေသခံအမျိုးသားမှ ဆက်ပြောပြသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လတွင် ၄ ကြိမ်နှင့် ဇူလိုင်လတွင် ၅ ကြိမ် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၈ ဦး သေဆုံးခဲ့ပြီး ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကိုးကားပုံ – မိုင်းအရှိုင်း