သိန္ဒီမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် နေအိမ်(၃) အိမ် ထိခိုက်ပျက်စီး
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ရှမ်း/မြောက် သိန္နီမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဗုံးကြဲချခဲ့သဖြင့် နေအိမ်များထိခိုက် ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
ဒေသခံအမျိုးသမီးတစ်ဦး ပြောကြားချက်အရ “ ကျွန်မတို့ အိပ်နေရင်း လေယာဉ်သံကြားလို့ ထကြည့်တာ ည (၁၂) ကျော်လောက်ရှိပြီ၊ ဗုံးလာကြဲမှာကြောက်လို့ ကျင်းထဲမှာ ဝင်နေမလို့ဘဲ ဒါပေမဲ့ လေယာဉ်က မြို့ထဲဘက်သွားတယ်၊ မနက်ရောက်တော့ မြို့ထဲမှာကြဲသွားတယ်လို့ကြားလို့ သွားကြည့်တာ အိမ်က (၆)အိမ် လောက်ထိသွားတယ်၊ သုံးအိမ်တော့ လုံးဝစုတ်ပြတ်သွားတယ် လူထိခိုက်တာတော့မရှိဘူး ဗုံးက(၃)လုံး ကြဲတယ်” ဟု ဆိုပါသည်။
အဆိုပါ လေယာဉ်ဗုံးကြဲမှုကြောင့် မြို့ပေါ်နေထိုင်သူ ပြည်သူလူထုများသည် မြို့နှင့် ဝေးသောနေရာသို့ တိမ်းရှောင်ကြပြီး အိမ်စောင့်သာကျန်ခဲ့ကြောင်း ၎င်းမြို့ခံအမျိုးသမီးက ထပ်မံပြောကြားခဲ့သည်။
အလားတူ ယမန်နေ့ ဇူလိုင်လ ၃ရက်နေ့ နေ့လည် ၁၂နာရီခန့်တွင်လည်း မိုင်းလီကျေးရွာဘက်မှာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲသွားပြီး နေအိမ်(၃)အိမ်နဲ့ အ.ထ.က (ခွဲ) စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ ၁ ဦးလည်း ထိခိုက်မှုရှိခဲ့ပြီး အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဓါတ်ပုံ – ဒေသခံ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#လက်နက်ကြီးပစ်ခတ် #နေအိမ်ပျက်စီး #သိန္နီ #ရှမ်းမြောက် #စကစ