၂ရက်အတွင်း လားရှိုးမြို့ တွင် လက်နက်ကြီးထိခိုက်မှုကြောင့် ဒေသခံ ၄ ဦး ထပ်မံသေဆုံးရ
ရှမ်း/မြောက် လားရှိးမြို့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲပြင်းထန်နေခြင်းကြောင့် လက်နက်ကျရောက်ပေါက်ကွဲပြီး သားအမိဖြစ်သူ ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ယနေ့မနက်ပိုင်းတွင် ရပ်ကွက် (၉) အတွင်းရှိ နယ်မြေ (၃) တွင် လက်နက်ကြီး ကျရောက်ပေါက်ကြဲမှုဖြစ်ပြီး သားအမိ ၂ ဦး ထိခိုက်သေဆုံးခဲ့ပြီး နယ်မြေ (၁)တွင်လည်း လက်နက်ကြီး (၂) ကြိမ် ကျရောက်ပေါက်ကွဲမှု ရှိခဲ့သည်။
ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးမှ “ကျနော်သိသလောက်တော့ နယ်မြေ ၃ မှာ လက်နက်ကျတာ သူ့တို့သားအမိနှစ် ယောက်က အိမ်ထဲမှာနေ နေတယ်၊ လက်နက်ကြီးကျပြီး သူတို့နှစ်ယောက်စလုံးကိုထိတယ် အိမ်လည်းပျက် သွားတယ်၊ အမေက ပွဲချင်းပြီး သေတယ်၊ သူ့သားက ဆေးရုံပို့ဖို့ သွားနေတဲ့အချိန်မှာပဲ သေသွားတယ်”ဟု ဆိုသည်၊၊
ထိုဖြစ်စဉ်နှင့်အတူ မနေ့က ဇူလိုင်လ ၃ ရက်နေ့ ရပ်ကွက်(၄)ရှိသော ပန်အုတ်ဘုန်းကြီးကျောင်းပရဝဏ်အတွင်း လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲပြီး စစ်ရှောင်နေသည့် ဒေသခံ ၂ ဦး သေဆုံးပြီး သံဃာတော်အပါအဝင် (၉) ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
သွားရောက်ကူညီပေးသူတစ်ဦးမှ “ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျတယ် ကားတစ်စီးလည်း မီးလောင်သွားတယ်၊ ထိတဲ့အထဲမှာ ကိုရင် (၃)ပါး လည်းပါတယ်၊ ကျောင်းမှာ စစ်ရှောင်လာတဲ့သူ (၁၀) ယောက်လောက် ဒဏ်ရာရတယ်၊ (၂) ယောက်ကတော့ သေသွားတယ်၊ ဒီနေ့လည်း နောက်ထပ် ထိခိုက်တဲ့သူတွေ ရှိနေသေးတယ်၊ အသေးစိပ်တော့မသိရသေးဘူး”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောပါသည်၊၊
လားရှိးမြို့တွင် တိုက်ပွဲ (၂)ရက်အတွင်း ရပ်ကွက် (၅)ခုမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းလောက်မှီသလောက် ကောက်ယူရရှိသည့် စာရင်းအရ ကလေးအပါအဝင် ဒေသခံ (၁၀)ဦး ထိခိုက်သေဆုံးပြီး (၁၀)ဦး အထက်မနည်း ဒဏ်ရာရရှိကြောင်း မှတ်တမ်းတင်ထား နိုင်ခဲ့ပါသည်၊၊
ဓါတ်ပုံ – ဒေသခံ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#လက်နက်ကြီးပစ်ခတ် #ဒေသခံ #သေဆုံး #လားရှိုး