နမ့်ဖတ်ကာမှာ အကြမ်းဖက်စစ်တပ်မှ လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ဒေသခံ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့

Ta’ang Women’s Organization – TWO

ရှမ်း/မြောက် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကချင်တပ်မတော် (KIO/KIA) နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အကြမ်းဖက်စစ်တပ်က လေယာဉ်အသုံးပြုပြီး ဗုံးလာကြဲခြင်းကြောင့် ဒေသခံ (၅) ဦး သေဆုံးခဲ့ရပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်မှာ အကြမ်းဖက်စစ်တပ်က လေယာဉ်အသုံးပြုပြီး ရပ်ကွက် (၄) အတွင်း ဗုံးလာကြဲခြင်းကြောင့် ရပ်ကွက်နေပြည်သူ (၅) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဗုံးစထိမှန်ခဲ့ရသည့် ကာယကံရှင်ကိုယ်တိုင်ထံမှ သိရှိရပါသည်။

ကာယကံရှင်ဖြစ်သူ ယာအီကျန်က ” ကျမက မီးဖိုချောင်မှာ ထမင်းချက်စားနေချိန်မှာ ဘေးအိမ်မှာ ဗုံးကြတယ်၊ ဗုံးအစက ကျမကိုထိသွားတယ်၊ ခေါင်းမှာထိသွားခဲ့တယ်၊ ဗုံးအစက အထဲဝင်သွားတယ်၊ ဗုံးအစတော့ ထုတ်ပြီးပြီ ခေါင်းက မသက်သာသေးဘူး၊ ဆေးကုသနေရတယ်၊ ကျမတို့အိမ်လည်း ထိခိုက်ပျက်စီးသွားတယ်” သည်ဟု TWO ကို ပြောပြပါသည်။

ထိုဖြစ်စဉ်နဲ့အတူ နမ့်ဖတ်ကာ ရပ်ကွက် (၄) တွင် နေထိုင်သည့် တရုတ်မိသားဝင် (၄) ဦးသည်လည်း ဗုံးထိပြီး သေဆုံးခဲ့ရပါသည်။

၎င်းဖြစ်စဉ်ကိုသိရှိသည့် နောက်တပ်ဒေသခံတစ်ဦးက ” တရုတ်မိသားစုတွေက အိမ်ထဲမှာ ထမင်းစားနေတယ် ဗုံးကျလို့ လေးဦးစလုံး သေသွားတယ်၊ အိမ်သာသွားတက်တဲ့ ကလေးလေး ၁ဦးပဲ အသက်ရှင်ကျန်ခဲ့တယ်၊ သူတို့ အိမ်ရှေ့မှာရပ်နေတဲ့ တရုတ်ကောင်လေးတစ်ယောက်လည်း ဗုံးထိပြီး သေသွားတယ်၊ အောင်သပြေ ဘက်မှာလည်း အသက် ၃၇ နှစ် ကိုအိုက်လွန်ကိုလည်း လက်နက်ထိတယ်၊ အိမ်တံခါးပိတ်ဖို့လုပ်နေချိန်မှာ ထိသွားတယ် ၊ သေလား၊ ရှင်လား မသိရသေးဘူး ” လို့ ထပ်လောင်းပြောခဲ့ပါသည်။

နမ့်ဖတ်ကာမှာ အကြမ်းဖက်စစ်ကောင်စီ နဲ့ ကချင်တပ်မတော် (KIO/KIA) တို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ကတည်းက ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေတာကြောင့် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက်အတွင်းရှိ အရပ်သားနေအိမ်များနှင့် စာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းတို့ကို ထိခိုက်မှုတွေရှိသည်ကို ထပ်မံသိရှိရပါသည်။ ထိုတိုက်ပွဲကြောင့် ဒေသခံများသည် နီးစပ်ရာနေရာတွင် ယနေ့အထိ တိမ်းရှောင်နေကြရသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် ထိရှလွယ်သည့်အုပ်စုများဖြစ်ကြသည့် ကလေးငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုအများဆုံးပါဝင်နေပြီး အစားအသောက်နဲ့ဆေးဝါးများ လိုအပ်နေသည်ကို သိရှိရပါသည်။

နမ့်ဖတ်ကာ ရပ်ကွက် (၁) (၂) (၅) အတွင်းမှာ ထိခိုက်မှု အများဆုံးဖြစ်ပြီး ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားတာကြောင့် ထိခိုက်မှုဆုံးရှုံးမှုဖြစ်စဉ်အသေးစိတ်ကို သိနိုင်ရန် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

#နမ့်ဖတ်ကာတိုက်ပွဲ

#ရပ်ကွက်ပြည်သူသေဆုံး

#မိသားစုလိုက်သေဆုံး

#ကလေး

#လေကြောင်းဗုံးကြဲ

#အကြမ်းဖက်စစ်တပ်

#ကချင်တပ်

#ရှမ်းမြောက်