ရာဘာခြံမှပြန်လာသည့်ရွာသားကိုအကြမ်းဖက်စစ်ကောင်စီပစ်ခတ်ရာမှဘယ်လက်ဖြတ်ရပြီးဆေးကုသမှုအတွက်အကူအညီလိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့နယ် ဟက်ကာကျေးရွာ ရာဘာခြံတွင် အလုပ်လုပ်ကိုင်နေသည့် ရွာသားတစ်ဦးသည် ခြံမှ ဟက်ကာကျေးရွာသို့ ပြန်နေစဉ်တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်သဖြင့် ဒဏ်ရာပြင်ထန်းစွာ ရရှိပြီး ဆေးသကုမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၀) နာရီဝန်ကျင်း ဦးကူန်ထွေးသည် ရာဘာခြံမှ ဟက်ကာကျေးရွာသို့ ပြန်လာသည့်အချိန်တွင် ကျိန်ကျားစိန်(ခေါ်)တရုတ်နတ်စင် အနီးမှာ အကြမ်းဖက်စစ်တပ်က ၎င်းကိုတားရာမှာ ထော်လာဂျီစက်သံကြောင့် မကြားရသဖြင့် သေနတ်နှင့် ပစ်ခတ်ခံခဲ့ရပါသည်။

ကာယကံရှင်၏သားဖြစ်သူ မိုင်းဝနမှ “အဖေဆေးရုံရောက်မှ သိတာ သူသေနတ်နဲ့ ပစ်ခံရတယ်ဆိုတာ၊ လက်တစ်ဖက်တော့ ဖြတ်လိုက်ရတယ်၊ ကျနော်တို့က စီးပွားရေး အဆင်မပြေဘူး၊ သူများခြံမှာပဲ တစ်နေ့လုပ် တစ်နေ့စားအလုပ် လုပ်ရတယ်၊ အဖေက ကျနော်ညီမအတွက် မုန့်ဝယ်မလို့ ပြန်သွားတယ်၊ စစ်သားတွေရှိ တဲ့နေရာရောက်တော့ စစ်သားတွေက သူ့ကိုလှမ်းခေါ်တာ ထော်လာဂျီအသံနဲ့ဆိုတော့ သူကမကြားရဘူး၊ အဲ့ဒါကြောင့် သူတို့က ပစ်လိုက်တာ”ဟု ပြောပါသည်။

အသက် (၅၀)နှစ်အရွယ်ရှိ ဦးကူန်ထွေးသည် ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းဖြစ်သော လက်မောင်း၊ ဗိုက်တို့တွင် အသီးသီး ဒဏ်ရာရထားသော်လည်း လားရှိုးဆေးရုံတွင် ဆေးကုသရန်အတွက် ငွေကြေးမတတ်နိုင်သောကြောင့် ဆရာဝန်များက ဆေးကုသမှု မလုပ်ဆောင်ပေးဘဲ နေအိမ်သို့ ပြန်ခိုင်းခဲ့သည်ဟု ထပ်မံသိရပါသည်။

မိုင်းဝနမှ “ကျနော်တို့က ပိုက်ဆံမရှိလို့ ဆရာမတွေက ပြန်ခိုင်းလိုက်တယ်၊ ဆရာဝန်တွေက (၁၀) သိန်းတောင်းတာ၊ ကျနော်တို့က မတတ်နိုင်လို့ တစ်သိန်းပဲ ပေးလိုက်တယ်၊ အဲ့ဒီတော့ ဆရာဝန်တွေက သုံးဘီးဌားပြီး သုံးဘီးခ (၂) သောင်းပေးပြီး ပြန်ခိုင်းလိုက်တယ်”ဟု ပြောပါသည်။

၁၀၂၇ စစ်ဆင်းရေးကာလအတွင်း အကြမ်းဖက် စစ်ကောင်စီမှ လားရှိုးမြို့နယ်တွင် အကြောင်းမဲ့ ပြည်သူများ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများစွာရှိနေပါသည်။ လွန်ခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့တွင်လည်း လားရှိုးမြို့အဝင်လမ်းတွင် တအာင်းလူငယ် (၂) ဦးကို ပစ်ခတ်ခြင်း၊ နမ့်ပေါင်မှ တန့်ယန်းသို့ သွားသည့် လူငယ်တစ်ဦး ပစ်ခတ်ခြင်းနှင့် လားရှိုးမြို့နယ်အတွင်း ညမထွက်ရ (မာရှယ်လော) အမိန့်ကြောင့် ဗျူဟာလမ်းထိပ်တွင် ဒေသခံတစ်ဦး၊ ရပ်ကွက် (၅) တွင် ၂ ဦး ပစ်ခတ်ကိုလည်း ပစ်ခတ်သည့် ဖြစ်စဉ်များလညး ရှိသည်။

ဓါတ်ပုံ-မိသားစု

#ပစ်ခတ်

#ဒေသခံ

#လားရှိုး

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *