ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ၆ ဦးသေဆုံး၊ အနည်းဆုံး ၇ ဦး အပြင်းအထန် ဒဏ်ရာရ 

၃၀ ဇူလိုင်လ ၂၀၂၅ ခုနှစ် 

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယနေ့ မနက်ပိုင်း ၁၂ နာရီ ၅၅ မိနစ်အချိန်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၂ ရှိ ရာစုသစ်ဟိုတယ် (၂) ကို ဗုံးကြဲခဲ့ပြီး ကလေးငယ်၁ ဦးအပါအဝင် ဒေသခံ ၆ ဦး သေဆုံး၊ ၇ ဦး အထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပြီး ရာစုသစ်ဟိုတယ်(၂) နှင့် နေအိမ် ၇ အိမ် အထက် ထိခိုက်ပျက်စီးခဲ့သည်။ 

ဒေသခံ အမျိုးသမီးတစ်ဦး ပြောပြချက်အရ “ အိမ်နဲ့အရမ်းနီးလို့ ပစ္စည်းတွေပါ အကုန်ကျကုန်တာ၊ အိမ်တံခါးတွေလဲ ပွင့်ကုန်တာ၊ အခုထိအလောင်းတွေ ရှင်းနေတုန်းပဲ၊ ဟိုတယ်ဘေးက အိမ် မိသားစုလိုက် ဒဏ်ရာရတယ်၊ ဟိုတယ်အဆောင်ကတော့ ဘာမှရစရာမရှိအောင် ပျက်စီးသွားတယ် “ ဟု ပြောသည်။ 

ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦး နှင့် အမျိုးသမီး ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည့်အပြင် နေအိမ် ၂၁ အိမ် ဗုံးစထိမှန် ပျက်စီးသွားခဲ့သည်ဟု တအာင်းတပ်မတော် PSLF/TNLA ၏ သတင်းပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။ 

မနေ့  ၂၉ ရက်နေ့ တစ်ရက်တည်းတွင် တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်း ရပ်ကွက် ၃ နေရာ နှင့် မိုင်းလုံမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကြဲတိုက်ခိုက်သောကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၇ ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် နေအိမ် အများအပြား ထိမှန်ပျက်စီးခဲ့သည်။ 

ကိုးကားပုံ – ဒေသခံပေးပို့