TNLA အုပ်ချုပ်ထားသည့်မိုင်းငေါ့မြို့နှင့်ကွတ်ခိုင်မြို့ကိုစကစမှတစ်ရက်ထဲဗုံးကြဲအရပ်သား၃ဦးသေဆုံး၊၁၅ဦးအထက်မနည်းထိခိုက်ဒဏ်ရာရခဲ့
နိုဝင်ဘာလ ၁၇ ရက် ယမန်နေ့ နံနက်ပိုင်း ၁၁း၄၀ မိနစ်အချိန်တွင် တအာင်းတပ်မတော် (TNLA) အုပ်ချုပ်ထားသည့် ကျောက်မဲခရိုင်မိုင်းငေါ့မြို့နယ်ခွဲ မန်လုံရပ်ကွက်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့ခံ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ဟု သိရှိရသည်။
အလားတူ ယမန်နေ့တစ်ရက်တည်း ညသန်းခေါင်ယံအချိန် ၁၁း၄၇ မိနစ်အချိန်ခန့်တွင် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၃) တွင်အကြမ်းဖက်စစ်ကောင်စီမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူနှင့် ကလေးငယ်တစ်ဦးအပါအဝင် နောက်ထပ်အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၀ ဦး နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးထံ သိရှိရသည်။
“ဒီမနက်ကသွားကြည့်တော့ သက်ဆိုင်ရာတွေက ပေးမဝင်ဘူး၊ တရုတ်နှစ်ချင်းခရစ်ယာန်ကျောင်းမှာကျတာ၊ အများကြီးထိသွားတယ်၊ အဲ့ဒီအရှေ့မှာပဲ ကြည့်လို့ရတယ်၊ KKဟိုတယ်ဝင်တဲ့လမ်းကြားမှာပိတ်ထားတယ်၊ သက်ဆိုင်သူတွေကိုပဲ ပေးဝင်ကြည့်တာ၊အပြင်ကနေတော့ရိုက်လို့ရတယ် ကောင်းကောင်းမမြင်ရဘူး၊ ကလေးတစ်ယောက်နဲ့သူ့အမေသေတယ်၊ နောက်ထပ်အမျိုးသမီးတစ်ယောက်သေတယ်၊ အဲ့အနီးတစ်ဝိုက်ကပြည်သူတွေထိတာ၊ လေယာဉ်ကတော့ တစ်ခါပဲ ချပြီး ဗလုံးဆိုပြီး ပြန်သွားတာ ပြန်မလာတော့ဘူး၊ အရင်တစ်ခေါက်တုန်းကပတ်ပြီး နောက်တစ်ခါပြန်လာပစ်သွားတယ်” ကွတ်ခိုင်ပြည်သူအမျိုးသမီးတစ်ဦးမှ ပြောသည်။
လေကြောင်းဗုံးကြဲခြင်းကြောင့် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်နေထိုင်သည့် အသက် (၅၉) နှစ်အရွယ် ဒေါ်မြခင်သည် လည်ပင်းတွင်သော်လည်းကောင်း၊ အသက် (၇၄) နှစ်အရွယ် ဒေါ်ခမ်းဆာ၊ ပေါင်နှင့် လက်တွင်ထိခိုက်ပြီး အသက် (၆၂) နှစ်အရွယ် ဒေါ်ခမ်းမွန်ဘယ်ခြေထောက်တွင်လည်းကောင်း၊ အသက် (၄၉) နှစ်အရွယ် ဒေါ်စိန်မြ ပေါင်နှင့် ညာပုခုံးနဲ့ ကျောကုန်းတွင် ထိမှန်ဒဏ်ရာရပြီးအသက်(၂၉) နှစ်အရွယ် ကိုအိုက်ခဲ ဘယ်လက် တို့တွင် ထိမှန်ပြီး အသီးသီးဒဏ်ရာရခဲ့ကြသည်။
ထို့အပြင် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် အရပ်သားပြည်သူနေအိမ် ၂၂ အိမ် ထိခိုက်ပျက်စီးခဲ့သည့်အနက် ၆ အိမ်ဖြစ်ကြသည့် ဦးသိန်းအောင်၊ ဒေါ်အေးငြိမ်၊ ဒေါ်စောအေး၊ ဦးစံမြတ်၊ ဒေါ်ခမ်းဆာ၊ ဒေါ်ခမ်းမွန် နေအိမ်တို့သည် နေအိမ်တစ်ခုလုံး လုံးဝပျက်စီးခဲ့သည်ဟု မိုင်းငေါ့မြို့နေအမျိုးသားတစ်ဦးထံ သိရသည်။
အထက်ပါ အချက်အလက်အသေးစိပ်ကို သိရှိနိုင်ရန် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
သတင်းဓာတ်ပုံ – ဒေသခံ ၊ TWO
#လေယာဉ်ဗုံးကြဲ #မိုင်းငေါ့မြို့ #ကွတ်ခိုင်မြို့ #တအာင်းဒေသ #ကလေးသေဆုံး #အမျိုးသမီး #ဗုံးထိခိုက်ဒဏ်ရာရ #နေအိမ်ပျက်စီး
#တအာင်းအမျိုးသမီးအဖွဲ့အစည်း