ကျောက်မဲ၊ ပန်သပြေကျေးရွာကို စကစ ထပ်မံဗုံးထပ်ကြဲ
၄ ရက် စက်တင်ဘာလ ၂၀၂၅ ခုနှစ်
တအာင်းတပ် – TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်သပြေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး ၄ လုံး ထပ်မံ ဗုံးကြဲခဲ့သည်ဟု သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ နေ့လယ်ပိုင်း ၁၂ နာရီ ၁၉ မိနစ်တွင် ပန်သပြေကျေးရွာကို ထပ်မံ ဗုံးကြဲခဲ့သောကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး ဗုံးကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ အိမ်၊ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားက TWO ကို ပြောပါသည်။
‘’ အဖွားတစ်ယောက်ထိတယ်ဗျ၊ စေတီလဲ ကျည်နဲနဲထိတယ် (.5) ကျည်ထိတယ်ဗျ၊ စေတီကုန်းမှာ တစ်လုံးကျတယ် စာသင်ကျောင်းရှိတယ်၊ ဘေးအစွန်းမှာ ကျတယ်၊ အဲမှာ ပစ်ပြီး ရွာအောက်က နောက်တစ်လုံးကျတယ်၊ အဲမှာ အဖွားတစ်ယောက်ကို ထိသွားတယ် “ ဟု ပြောသည်။

အသက် ၆၂ နှစ်အရွယ် ယာမယ်အွမ်သည် ဝမ်းဗိုက် နှင့် ကျောကုန်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး၊ ပန်သပြေကျေးရွာ စာသင်ကျောင်း နှင့် စေတီ ၁ ဆူ ထိခိုက်ပျက်စီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ တစ်ရက်တည်းတွင် ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာတွင် ၁၀ နာရီခွဲတွင် တစ်ကြိမ်၊ ပန်သပြေကျေးရွာကို ၁၂ နာရီ ၁၉ မိနစ်တွင် တစ်ကြိမ် လေကြောင်းဗုံးကြဲခဲ့သည်။
ပုံ – ဒေသခံပေးပို့သည်။