ကိုးကန့်တပ်ဖွဲ့ဝင်များမှ နမ့်ကျန်ရွာသား တစ်ဦးကို အကြောင်းပြချက်မရှိ အပြင်းအထန်ရိုက်နှက်ပြီး ငွေသား ၁၀ သိန်းဖြင့် ကျေးအေးခိုင်းခဲ့ 

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ မနက် ၂ နာရီအချိန်တွင် ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာမှ အမျိုးသားတစ်ဦးကို ကိုးကန့်တပ်မတော် – MNDAA၏  တပ်ဖွဲ့ဝင် ၃ ဦးမှ အကြောင်းမဲ့ ရိုက်နှက်မှု ခံခဲ့ရပြီး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အသက် ၃၃ နှစ်အရွယ် ရိုက်နှက်ခံရသူ ကိုအိုက်ကျန်သည် ဝက်သားသွားယူပြီး ပြန်လာသည့်အချိန် နမ့်ကျန် ကျေးရွာအဝင်တွင် ဖမ်းဆီးပြီး ရိုက်နှက်ခြင်း ခံခဲ့ရသည်ဟု ကာယကံရှင်မှ TWO ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ရိုက်နှက်ခံရသည့် ကာယကံရှင်မှ “ကျွန်တော်က ဥပုဒ်နေ့ဆိုတော့ ဆိုင်ကယ်နဲ့ မနက်အစော ဝက်သားသွားယူတာ။ သူတို့(ကိုးကန့်)က လမ်းမှာ နှစ်ယောက်ရပ်နေတာ။ သူတို့ ဆရာက အရက်မူးပြီး သူ့အမျိုးသမီးနဲ့ ရန်ဖြစ်နေတာ။ သူတို့စကားများနေတာကို ကျွန်တော့်ကို ဝင်ခိုင်းပြီး ဖြေရှင်းခိုင်းတဲ့ သဘောလိုမျိုး။ ကျွန်တော်က စစ်သားတွေဆိုတော့ ကြောက်လို့ ပြန်ထွက်လာတာ။ ပြီးတော့ တရုတ်စကားလည်း မပြောတတ်ဘူး အဲကြောင့် ရိုက်နှက်ခံရတာ ” ဟု TWO ကို ပြောသည်။ 

ကိုးကန့်တပ်ဖွဲ့ဝင်များသည် ကိုအိုက်ကျန်ကို ရိုက်နှက်ပြီး ခြေထောက်ဖြင့် ကန်ခဲ့သည့်အပြင် စီးလာသည့် ဆိုင်ကယ်ကိုပါ ရိုက်ခွဲဖျက်စီးပြီး ရေမြောင်းထဲကို ပစ်ခဲ့သည်ဟု ယာကံရှင်မှ ပြောခဲ့သည်။

ကိုအိုက်ကျန်သည် အစ်ကိုဖြစ်သူအား ဖုန်းဆက်အကြောင်းကြားပြီး ရွာသားများ ရောက်လာသည့် အချိန်ထိ ရိုက်နှက်ခံနေရပြီး အစ်ကိုဖြစ်သူ၏ ဆိုင်ကယ်ကိုပါ ထပ်မံရိုက်ခွဲခံရ၍ ရေမြောင်းထဲသို့ အလားတူ ပစ်ချခဲ့ရသည်ဟု ကာယကံရှင်မှ ထပ်မံပြောသည်။ 

ကိုအိုက်ကျန်သည် ဝမ်းဗိုက်တွင် ခြေထောက်ဖြင့် ကန်ခံခဲ့ရပြီး အူမကြီးတွင် အတွင်းဒဏ်ရာ ထိခိုက်ခဲ့သောကြောင့် လားရှိုးပြည်သူ့ဆေးရုံ၌ ဗိုက်ခွဲပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ 

အမှုဖြစ်စဉ်အတွက် နမ့်ကျန်ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ကိုးကန့်တပ်သားဘက်မှ တွေ့ဆုံဆွေးနွေးပြီး ဆေးရုံတွင် ဆေးကုသရန်အတွက် ကျပ် ၁၀ သိန်း ပေးခဲ့ပြီး အမှုကိစ္စကို ကျေအေးစေခဲ့သည်ဟု ဦးအိုက်ကျန်မှ ဆက်လက် ပြောကြားခဲ့သည်။ 

အခင်းဖြစ်ပွားသည့် နေရာတွင် တပ်စခန်းချထားခြင်း မရှိသည့်အတွက် မည်သည့် တပ်ရင်း၏ တပ်ဖွဲ့ဝင် ဖြစ်သည်ကို ကာယကံရှင်ကိုယ်တိုင်မှ သေချာ မသိခဲ့ရပါဟု ပြောသည်။