နောင်ချိုမှာ ခြံရှင်းနေသည့် ကလေး ၁ ဦး မိုင်းထိပြီး မျက်လုံးနှင့် လက်နှစ်ဖက်တွင် ဒဏ်ရာရရှိ

၂၆ ရက် စက်တင်ဘာ ၂၀၂၅ ခုနှစ် 

အကြမ်းဖက်စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်တွင် ခြံရှင်းနေသည့် ကလေး ၁ ဦး လက်လုပ်မိုင်းဟု ယူဆရသည့် မိုင်းခုတ်မိပြီး ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သော စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်တွင် ခြံရှင်းရာကနေ မိုင်းခုတ်မိပြီး မျက်လုံးနှင့် လက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ဟု သိရသည်။ 

မောင်ချမ်းငြိမ်းသူ၏ ဖခင်ဖြစ်သူမှ “ အိမ်ကလည်း ပြန်မနေတာကြာပြီ ခြံစည်းရိုးတွေလဲ ရှုပ်နေတော့ အိမ်ပြန်ပြီး ခြံစည်းရိုးရှင်းရင်းနဲ့ ခုတ်မိသွားတယ်။ လက်နှစ်ဖက်စလုံးထိတယ်။ ဘယ်ဘက်မျက်လုံးလည်းထိတယ်။  ဘယ်ဘက်လက်ချောင်း ၂ ချောင်းနဲ့ ညာဘက် လက်ချောင်း ၃ ချောင်း ဖြတ်လိုက်ရတယ်။ မျက်လုံးက ဆေးကုသနေတုန်းပဲ မျက်လုံး သေချာမမြင်ရသေးဘူး။ မျက်လုံးက တိမ်ကပ်နေတယ်။  မှုန်နေသေးတယ်။ အကြာကြီးဆေးကုရအုံးမယ်။ မိုင်းက အလုံးမကြီးဘူး လက်ဖက်ရည် ပန်းကန်လုံးလောက်တောင် မရှိဘူး မိတ်ကပ်ဘူး​လေးလောက်ပဲရှိမယ် အပေါ်မှာ မြှားသံအဝါလေးနဲ့ ”ဟု ပြောပါသည်။

အဆိုပါ မိုင်းထိခိုက်သည့် ကလေးသည် အသက် ၁၅ နှစ်အရွယ်ရှိ မောင်ငြိမ်းချမ်းသူဖြစ်ပြီး နောင်ချိုမြို့နယ် တောင်ရှည်အုပ်စု နားရှိးကျေးရွာဇာတိ ဖြစ်ပါသည်။ 

လက်ရှိအချိန်ထိ ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိပြီး ဆေးကူသမှုအတွက် ငွေကြေးအခက်အခဲရှိနေသည်ဟု TWO ကို ပြောပါသည်။

ပုံ – ဒေသခံ 

#မိုင်း

#ကလေးငယ် 

#နောင်ချိုမြို့ 

#ဒဏ်ရာရ