မိုးကုတ်မြို့ကို စကစမှ ဗုံးကြဲ၊ ၃ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရ

ယနေ့ မနက်ပိုင်း ၉ နာရီခွဲအချိန် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရပ်ကွက် ၂ နေရာကို အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

မိုးကုတ်မြို့ အရှေ့ပိုင်း အရှေ့ရွာ၊ ရွှေဘုံသာ နှင့် မင်းတံတားရပ်ကွက်တို့တွင် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး မင်းတံတားရပ်ကွက်မှအသက် ၅၀ နှစ် ဦးဝင်းမြင့်၊ ၂၈ နှစ် ကိုအငယ်လေး နှင့် အရှေ့ရွာရပ်ကွက်မှ အသက် ၈၉ နှစ် ဒေါ်ဝင်းကြည်တို့ သေဆုံးခဲ့သည်။

ထိခိုက်ဒဏ်ရာရသူများသည် ဒေသခံအမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၆ ဦး တို့ဖြစ်ပြီး မင်းတံတားရပ်ကွက်မှ မမိုးလုံ ၃၉နှစ်၊ ကိုမိုးသန်းထွန်း ၃၂ နှစ်၊ ကိုနိုင်လင်း ၂၇ နှစ်၊ ကိုမျိုး ၄၀ နှစ်၊ မဂီသား ၃၉ နှစ်၊ မောင်ဇင်မင်းထွေး ၁၈ နှစ်၊ မဇင်မာအောင် ၃၀ နှစ်၊ ကိုရန်လင်း ၂၆ နှစ် တို့ ဖြစ်သည်။

အရှေ့ရွာမှ ရွှေဘုံသာအရပ်ကွက်မှ မဟန်စုကြည် ၅၀ နှစ်၊ ဦးမြင့်အောင် ၆၄ နှစ်၊ မသိမ့်သိမ့်မိုး ၄၆ နှစ်၊ မောင်သော်ဇင်လတ် ၁၉ နှစ်၊ ကိုဖြိုးသူအောင် ၃၅ နှစ်၊ ကိုစိုးသူအောင် ၃၇ နှစ် နှင့် အောင်သစ်လွင်ရပ်ကွက်မှ ဦးသန်းချို ၅၀ နှစ်၊ ရွှေဘုံသာရပ်ကွက်မှ မဟန်စုကြည် ၅၀ နှစ် နှင့် မိုးကုတ်ရောက်နေသည့် ကွတ်ခိုင်ဒေသခံ မရန်ရှောက်တီ ၃၅ နှစ်၊ ကိုချန်စန်လု၃၀ နှစ် တို့ လက်နက်ဗုံးကျည်အစအန ထိမှန်ဒဏ်ရာရရှိခဲ့သည်။

PSLF/TNLA၏ သတင်းပြန်ကြားရေးဌာနမှ မိုးကုတ်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။

ပြီးခဲ့သည့် ၂၆ ရက်နေ့တွင် ရွှေလိပ်ပြာဟိုတယ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟိုတယ်ပျက်စီးခဲ့ပြီး ဟိုတယ်တွင် အလုပ်လုပ်နေသည့် ဒေသခံ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကားပုံ – ဒေသခံ၊ PSLF/TNLA