တော့ဆန်ကျေးရွာတွင် အကြမ်းဖက်စကစမှ ဗုံးကြဲ၊ ကလေး ၁ ဦး ဒဏ်ရာရ
၁၂ရက် အောက်တိုဘာလ ၂၀၂၅
ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်(ခွဲ) တော့ဆန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
ဖြစ်စဥ်တွင် မနေ့ နေ့လယ် ၁ နာရီခွဲကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ပေါင် (၂၅၀) ဗုံး ၁ လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာသည်ကို ဖြစ်စဥ် သိရှိသူ အမျိုးသား တစ်ဦးမှ ပြောပြခဲ့ပါသည်။
” နေ့လည် ၁နာရီ လေးဆယ့်ငါးမိနစ်မှာ လာကြဲသွားတယ် ။ ကလေး ၁ ဦးလည်း ဒဏ်ရာရတယ်။ ငေါ့လွယ်ရင်တောင်မှာလဲ ကျတယ်။ ရွာထဲမှာတော့ နေအိမ် ၂ အိမ် ရယ် ဘုန်းကြီးကျောင်းရဲ့ ဓမ္မာ ရုံ ၁ ခုရယ် ပျက်သွားတယ်။ သူတို့ ဗုံးကြဲတဲ့နေရာက SSPP တွေ အခု တပ်စွဲထားတဲ့နေရာတွေ ဖြစ်တယ် ” ဟု TWO ကို ပြောပါသည်။
တော့ဆန်ကျေးရွာအတွင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP/SSA တပ်တို့ မှ တပ်စွဲထားသည့်အပြင် တအင်းတပ်မတော် – TNLA တပ်ဖွဲ့လည်း သွားလာလှုပ်ရှားနေသည့် ကျေးရွာဒေသ ဖြစ်ပါသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ကောက်ယူထားသည့် မှတ်တမ်းအရ အောက်တိုဘာလ ၁ ရက်နေ့မှ ယနေ့ ၁၁ ရက်အထိ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၇ ဦးအပါအဝင် သေဆုံးသူ ၂၆ ဦး နှင့် ဒဏ်ရာရရှိသူ ၃၆ ဦး ရှိခဲ့ပါသည်။
ပုံ – ဒေသခံ











