ကွတ်ခိုင်တွင် မူးယစ်ဆေးသုံးစွဲသူ အမျိုးသားတစ်ဦးကို KIA မှ ဖမ်းဆီးသွားပြီး ၅ ရက်အကြာတွင် သေဆုံး
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ် ရပ်ကွက် ၂ တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် – KIO/KIA တပ်ရင်း (၉) မှ ဖမ်းဆီးသွားခဲ့ပြီး ၅ရက်အကြာတွင် သေဆုံးသွားသည်ဟု စုံစမ်းသိရှိ ရပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက် ညနေပိုင်းတွင် အသက် ၃၀ နှစ်အရွယ် မိုင်းစိုင်းမြင့်ထွန်း(ခ) မောင်မောင်ကို ကချင်တပ်မတော်-KIA မှ ဖမ်းဆီးသွားခဲ့ပြီး ၂၃ ရက်နေ့ညတွင် အဆိုပါ အမျိုးသားသည် သေဆုံးသွားခဲ့ပြီး ဖြစ်ကြောင်းမိသားစုဝင်များကို အကြောင်းကြားပေးခဲ့သည်ဟု မိသားစုဝင်များထံမှ သိရပါသည်။

ဩဂုတ် ၂၄ ရက်နေ့တွင် ကိုမောင်မောင်၏ ရုပ်အလောင်းကို မိသားစုဝင်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ သွားရောက်သယ်ဆောင်လာပြီး ကွတ်ခိုင်မြို့၏ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မိသားစုများက TWO ကို ပြောပါသည်။
‘’ ကျနော်က ဘာဖြစ်ချင်လဲဆိုတော့ မျှမျှတတတော့ ဖြစ်အောင်လို့လေ ဖြစ်လဲဖြစ်ပြီးသွားခဲ့ပြီ အသက်လဲမရှိတော့ဘူးလေ၊ ကာယကံရှင်အနေနဲ့ ဘယ်လိုဖြစ်စေချင်လဲဆိုတော့ ဒါက တကယ်ပဲ မတော်တဆမှုလား၊ တကယ့်ထိုးလို့ ကြိတ်လို့ ရိုက်လို့ နှက်လို့ ဒဏ်ရာကြောင့် သေသွားတာလား ကျနော်သိချင်တယ်လို့၊ အဲဒါ သိလာမှ ကျနော် စကားပြန်ပြောကြမယ်လို့၊ ဆေးရုံရဲ့ ဆရာဝန်ဆေးစစ်ချက်က ခေါင်းဒဏ်ရာနဲ့ သေသွားတယ်လို့ ကျနော်တို့ အဖြေရထားတာ ခန္ဓာကိုယ်ပေါ်မှာပွန်းပဲ့ဒဏ်ရာတွေရှိနေတယ်၊ လက်မှာက ညိုမဲနေပြီး ယောင်နေတယ်၊ ဦးခေါင်းမှာလည်း သွေးချေဥတွေ ရှိနေတယ်” ဟု ဆိုသည်။

ကိုမောင်မောင်သည် ဆေးရုံ၏ ဆေးစစ်ချက်အရ ဦးခေါင်းတွင် သွေးနီဥများ တွေ့ရှိရပြီး သွေးထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်တွင်လည်း ရိုက်နှက်ထားခံရသည့် ပွန်းပဲ့ဒဏ်ရာများနှင့် ညိုမဲနေသည့် ဒဏ်ရာများတွေ့ရခြင်း အဖြေထွက်ရှိထားသည်ဟု မိသားစုဝင် နီးစပ်သူတစ်ဦးထံ သိရှိရသည်။
‘’ သူတို့ ပြောသလိုဆိုရင် ချုပ်ထားတဲ့လူတွေကို ရေးချိုးပေးဖို့ပေါ့၊ ခြေတောက်တွေကို ကြိုးဖြုတ်ပေးတဲ့အချိန် သူက ထွက်ပြေးသွားတာ၊ သူ့ကိုပြန်လိုက်ဖမ်းတယ်၊ မိတဲ့အချိန် အပြစ်ပေးတာပေါ့နော်၊ သူတို့ပြောတာ ဒါမျိုးက တပ်ထဲမှာ အပြစ်ပေးနေကြပုံစံပဲတဲ့၊ ပြန်ဖမ်းမိတဲ့ အချိန်ကျတော့ လက်နှစ်ဖက်စလုံး ကြိုးတုတ်ထားတာ၊ သူ့ကို ရိုက်နှက်တယ်၊ အခြားသူတွေလဲ ထွက်မပြေးရဲအောင် ဥပမာပေးတာတဲ့၊ နောက်ပြီးသူက ထမင်းမစားရတာ ၄ ရက်လောက်ရှိပြီတဲ့ သူအားမရှိလို့ ဆုံးတာလဲ ဖြစ်တယ်တဲ့ ” ဟု မိသားစုနီးစပ်သူ တစ်ဦးက ထပ်မံပြောသည်။
ဦးမောင်မောင်သည် ၄ ရက်ကြာ အစားအစာမစားသည့် ဒဏ်ကြောင့် ခံနိုင်ရည်မရှိခြင်းပဲ သေဆုံးသွားသည်ဟု KIA တပ်ဖွဲ့ဘက်မှ မိသားစုဝင်များထံ လာရောက်ရှင်းခြင်းသည် ရင်ခွဲရုံ ဆေးစစ်ချက်နဲ့ ကိုက်ညီမှု မရှိဘူးဟု ပြောသည်။
ဩဂုတ် ၂၆ ရက်မှာ ကိုမောင်မောင် သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး KIAတပ်ဖွဲ့ဝင်များမှ မိသားစုဝင်တို့ကို လာရောက် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး KIA ဘက်မှ အသုဘ ပြုလုပ်ရန် သိန်း ၃၀ ကျပ် ပေးမည်ဟု ဆိုပြီး မိသားစုဝင်များမှ လက်မခံသဖြင့် သိန်း ၇၀ ကျပ်အထိ ထပ်တိုးပေးမည်ဟု ဆိုသော်လည်း မိသားစုဝင်များမှ သဘောမတူသဖြင့် ပထမအကြိမ် တွေ့ဆုံညှိနှိုင်းမှု ရပ်ခဲ့သည်။
“ သူတို့ဘက်က ပြောရင်း ၃၀ ကူညီပေးမယ်တဲ့ အဲဒါတော့ ကျနော် လက်မခံနိုင်ဘူးလို့ သိန်း ၃၀ ဆိုတာက ဒီခေတ်မှာ အသုဘတောင်လုပ်လို့ မရဘူး၊ ပြောရင်းနဲ့ နောက်ဆုံးတော့ ၇၀ ထိ ရောက်လာတယ် အဲဒါလဲ လက်မခံနိုင်ဘူးလို့၊ နောက်ဆုံး ကျနော်တို့ကတော့ သိန်း ၇၀၀ ပေးဖို့ ပြောတယ်၊ ဒါသင်ခန်းစာပဲ၊ နောက်နောင် ဒါမျိုး ဘယ်အဖွဲ့မှ မကျူးလွန်ရဲအောင် လုပ်ရမှာဖြစ်တယ် “ ထပ်မံ ပြောသည်။
မိသားစုဝင်များ၏ တောင်းဆိုချက်အရ KIA ဘက်မှ သိန်း ၇၀၀ အထိ လျော်ကြေးပေးရန် နှင့် မိသားစုဝင်များနှင့် ကချင်တပ်မတော်ဘက်မှ ခရိုင်မှူး၊ ရဲမှူးများအပါ ကချင်စာပေယဥ်ကျေးမှု အဖွဲ့နှင့် ကွတ်ခိုင် တအာင်းစာပေ/ယဉ်ကျေးမှုအဖွဲ့များ နောက်ထပ် ၁ ကြိမ် ထပ်မံတွေ့ဆုံပြီး ညှိနှိုင်းသွားမည်ဟု သိရသည်။
ပုံ – TWO
#ကချင်တပ်
#KIA
#လူ့အခွင့်အရေးချိုးဖောက်မှု
#သေဆုံးခြင်း
#ကွတ်ခိုင်
#ဒေသခံ