ဒေသခံအမျိုးသား ၁ ဦးကို စကစမှ ပစ်သတ်ခြင်း

တအာင်းတပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုတွင်  အကြမ်းဖက်စစ်ကောင်စီမှ အရပ်သား ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါသည်။  

 ဖြစ်စဉ်တွင် လွန်ခဲ့သော ဩဂုတ်လ ၂၃ ရက် နံနက် ၁၀ နာရီအချိန် နောင်ပိန်ကျေးရွာရှိ စစ်ရှောင်နေအိမ် တစ်အိမ်အတွင်းတွင်အကြမ်းဖက်စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် မိသားစုဝင် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကာယာကံရှင် ဒေါ်နီနီမှ “ အိမ်ထဲမှာနေတဲ့အချိန်ပစ်လာတယ်။ သေးနတ်ကို ဆက်တိုက်ပစ်တာ ဘယ်နှစ်ချက်လဲတော့မသိဘူး။အမျိုးသားက ပွဲချင်းပြီး ဆုံသွားတယ်။ ကျမက ဘယ်ဘက် ခြေတစ်လုံးမှာ အပေါက်ကြီးဖြစ်သွားတယ်။  အရိုးထိလို့ အခုစတီးချောင်းထည့်ထားရတယ်။ ဆေးရုံတက်တာလ ၁ လရှိတော့မယ် ။ အသားမပြည့်သေးရင်ဆေးရုံဆင်းလို့မရသေးဘူး။ သမီးကျတော့ဘယ်ဘက်လက်မှာ ဒဏ်ရာရတယ်။ သူ့လည်း ဆေးထည့်နေရတယ်။” ဟုပြောပါသည်။

အဆိုပါ ပစ်သတ်ခံရသည့်သူသည် မိသားစုဝင် ၃ ဦး ဖြစ်ကြပြီး သေဆုံးသူ အသက် ၄၃ နှစ်ရှိ ဦးစိုင်းလွန်သည် ၄၅ နှစ်အရွယ်ရှိ ဒေါ်နီနီ၏ အမျိုးသားဖြစ်ပြီး ၁၇ နှစ်အရွယ်ရှိ မဆုန္ဒီလွန်သည် ၎င်းတို့ နှစ်ဦး၏ သမီးတော်စပ်သူပဲဖြစ်ပါသည်။ ဇီးပင်ရွာမှ တစ်ဆင့်နောင်ပိန်ကျေးရွာကို စစ်ရှောင်လာကြောင်း သိရှိရပါသည်။

လက်ရှိမှာ ပြင်ဦးလွင် ဆေးရုံတွင် ‌ဆေးကုသနေဆဲဖြစ်ပြီး ဆေးကုသစရိတ်နှင့် စားသောက်ရေးအတွက် ငွေကြေးအခက်ခဲ ဖြစ်နေကြောင့် TWO ထံမှ ရင်ဖွင့် ပြောဆိုလာပါသည်။