နမ့်ဖက်ကာကျေးရွာတွင်အမျိုးသားတစ်ဦးမြေမြှုပ်မိုင်းတိုက်မိပြီးဒဏ်ရာရ
တအာင်းဒေသ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာ၊ ပန်ဂျရော့ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် အလုပ်သွားရင်းတောတစ်နေရာတွင် မြေမြှုပ်မိုင်းတိုက်မိပြီး ခြေထောက်နှစ်ဖက် ဒဏ်ရာရရှိသည်ဟု သိရပါသည်။
ပြီးခဲ့သည့် ၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် မိုင်းအယိုင်ဒဲ့သည် မီးသွေးဖုတ်ရန် တောထဲသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်းတိုက်မိခဲ့ခြင်း ဖြစ်ပါသည်။
ကာယကံရှင်မှ “ကျွန်တော့်အရှေ့က ဆိုင်ကယ်တစ်စီး ဖြတ်သွားတာရှိတယ်၊ ဘာမှမဖြစ်ဘူး၊ အရင်ကလည်း မီးသွေးပိုင်ရှင်ကမီးသွေးလုပ်နေကျပဲ၊ သွားနေကျနေရာပေါ့နော်၊ ကျတော်ကတော့ မြေမြှုပ်မိုင်းတိုက်မိတဲ့နေ့ပဲ သူတို့ဆီ မီးသွေးဖုတ်ဖို့ သွားလုပ်တာပေါ့၊ မိုင်းကို နင်းလိုက်တာ မဟုတ်သလိုပဲ၊ ခလုတ်တိုက်သွားတဲ့ပုံစံမျိုးဖြစ်တယ်၊ မြှုပ်ထားတဲ့မိုင်းတော့ဟုတ်တယ်” ဟု ပြောပါသည်။

အဆိုပါ မီးသွေးဖုတ်သည့် တောသည် မြို့သိမ်းတိုက်ပွဲဖြစ်ပွားစဉ်တွင် ကချင်တပ်မတော် (KIA) သွားလာလှုပ်ရှားသည့် နေရာဖြစ်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီမှ သွားလာလှုပ်ရှားခဲ့သည့် နေရာလည်း ဖြစ်သည်ဟု ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးမှ ပြောပါသည်။
အထက်ပါ ဒဏ်ရာရရှိသွားသည့် မိုင်းအလုမ်ဒဲ့သည် ခြေထောက်နှစ်ဖက်စလုံးဒဏ်ရာရပြီး ညာဖက်ခြေဖောက်တွင် အရိုးပါ ထိခိုက်ထားသောကြောင့် နမ့်ဖက်ကာဆေးရုံမှတစ်ဆင့် နမ့်ခမ်းဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးကုသစရိတ်ပါအခက်အခဲရှိနေကြောင်း သိရပါသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ပြုစုထားသည့် မှတ်တမ်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ မတ်လ ယနေ့အထိ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကြွင်းကျန်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူ ၁ ဦး၊ ထိခိုက်ဒဏ်ရာရှိသူ ၁၈ ဦး အထိရှိပြီး ထိုထဲတွင် ကလေးငယ် ၆ ဦး ပါဝင်သည်။








Leave a Reply
Want to join the discussion?Feel free to contribute!