လားရှိုးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းနင်းမိသော သားအမိနှစ်ဦး ဆေးကုသမှု စာရိတ်လိုအပ်နေ

ရှမ်းမြောက်လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စု နမ့်တွန်ကျေးဇူးတော်ရွာတွင် နေထိုင်သည့် သားအမိနှစ်ဦးသည် ဇန်နဝါရီလ ၂၄ရက် ညနေ ၄ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိကာ ‌နှစ်ဦးစလုံးပြင်းထန်စွာဒဏ်ရာရရှိပြီး ဆေးကုသမှုအတွက် စာရိတ်အခက်အခဲရှိနေကြောင့် သတင်းရရှိပါသည်၊၊

ပြင်းထန်စွာ ဒဏ်ရာရရှိသော  အသက် ၅၅ နှစ်အရွယ် ဒေါ်နိုင်ဇေးနှင့် အသက် ၁၂ နှစ်အရွယ်ရှိ မအေးလင်း တို့နှစ်ယောက်သည် တောထဲတွင် တံမြက်စည်းသွား ရှာရင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။

ကာယကံရှင်ဖြစ်သူပြောပြချက်အရ “တံမြတ်စည်းရိုးသွားရှာတဲ့အချိန်မှာ ၄ယောက်ရှိတယ်၊ ကျမက ရှေ့ဆုံးက သွားတယ်၊ မိုင်းရှိတဲ့နေရာမှာ နင်းမိပြီးပေါက်ကွဲသွားတယ်၊ ခန္ဒာကိုယ်တစ်ခုလုံး မိုင်းစတွေထိရှိ ဒဏ်ရာရပြီး ဘယ်ခြေထောက်တစ်ဖက်လည်း ဖြတ်လိုက်ရတယ်၊ သမီးလည်း ဒဏ်ရာရတယ်၊ ဘယ်ဘက်မျက်လုံးတော့ ကွယ်သွားတယ်။ အခုဘယ်မျက်လုံးက မမြင်ရဘူးတဲ့’’ဟု ပြောပါသည်။

“နိုင်ဇေးတို့ သားအမိနှစ်ဦး မိုင်းနင်းမိတဲ့နေရာက စစ်တပ်စခန်းနဲ့ နီးတယ်။ ဖြတ်လာတဲ့ လမ်းတစ်လျောက်လုံး မိုင်းတွေထောင်ထားတာ ဘယ်သူမှမသိကြဘူး၊ ကျော်ကျော်သွားကြတယ်၊ သူတို့သားအမိနှစ်ဦး မိုင်းနင်းမိပြီးမှ လာခဲ့တဲ့လမ်းက မိုင်းတွေထောင်ထားမှန်းသိတော့တယ်။”ဟု ဒေါ်နိုင်ဌေးနှင့်အတူ လိုက်ပါသွားသည့် မျက်မြင်တစ်ဦးက  အခုကဲ့သို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောပြပါသည်။

အဆိုပါ မိုင်းနင်းမိသည့် သားအမိနှစ်ဦးသည် လက်ရှိလားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူပြီး မိသားစု စားဝတ် နေရေး အဆင်မပြေမှုကြောင့် ဆေးကုသမှု စာရိတ်လည်း အခက်အခဲ ဖြစ်နေပါသည်ဟု ထပ်မံသိရှိရပါသည်။

ဓါတ်ပုံ – တအာင်းအမျိုးသမီးအဖွဲ့အစည်း

#မြေမြှုပ်မိုင်း

#လားရှိုး #ဒေသခံ