နမ့်ဖတ်ကာတိုက်ပွဲ တစ်လအတွင်း ​ဒေသခံ (၁၈)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရကာ နေအိမ်အများအပြား ပျက်စီးမှုရှိ

ှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့သော ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၉ရက်မှ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နမ့်ဖတ်ကာ အခြေစိုက် ခလရ ၁၂၃ တပ်နှင့် ကချင်တပ်မတော်(KIA)တို့အကြား ဖြစ်ပွားနေသောတိုက်ပွဲအတွင်း လက်နက်ကြီးများရမ်းတမ်း ပစ်ခတ်မှုသော်လည်းကောင်း လေယာဉ်အသုံးပြုကာ ဗုံးကြဲခြင်းကြောင့်သော်လည်းကောင်း TWO လက်လှမ်းမီ ကောက်ယူရရှိသည့် စာရင်းအရ အပစ်မဲ့အရပ်သားပြည်သူများ (၁၈)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးဆုံးရှံးခဲ့ရကြောင်း သိရှိရပါသည်။

ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ”တိုက်ပွဲ ဖြစ်တဲ့ အတွင်း ထိခိုက်မှု က အရမ်းများတယ်၊ ကျတော်သိသလောက် ရက ၄ မှာ တရုတ် လူမျိုး ၅ ယောက်သေတယ်၊ ရက ၃ မှာ တရုတ် ၃ ယောက် နဲ့ ဗမာ လူငယ် ၃ ယောက် သေတယ်၊ တချို့အလောင်းတွေတောင် သိမ်းပေးမယ့်သူမရှိကြဘူး၊ ရပ်ကွက်ထဲမှာ ပုတ်စော်တွေတောင် နံတယ်၊ ကျတော်တို့ မသိရတဲ့ သေးတဲ့စာရင်း ဒီထက်မကပိုများနိုင်တယ်၊ ဘယ်သူ့မှလည်း သွားမကြည့်ရဲ့ဘူး”လို့ ပြောပြခဲ့ပါသည်။

ထို့အ​​ပြင် တိုက်ပွဲအတွင်းမှာ ဘာသာရေးအဆောက်အဦးနဲ့ နေအိမ်အများအပြားထိခိုက်ပျက်စီးမှုရှိပြီး တောထဲစစ်ရှောင်နေရင်းနဲ့ အစားအသောက်မရှိလို့ သေဆုံးသွားရသည့် ပြည်သူများလဲရှိပါသည်။

နောက်ထပ်ဒေသခံတစ်ဦးက ”ဘုန်းကြီးကျောင်း ၅ ကျောင်းထိတယ်၊ ရန်အောင်မြင်၊ သန္နိသုခကျောင်း၊ ပန်ဂျရော့ဘုန်းကြီးကျောင်း၊ လွယ်ကန်ဘုန်းကြီးကျောင်း၊ နမ့်ခွမ်ဘုန်းကြီးကျောင်း၊ အထက ၁ စာသင်ကျောင်း လည်း ပျက်စီးသွားတယ်၊ ရွာထဲမှာ ရှိတဲ့ နေအိမ်လည်း တော်တော်များများ မီးလောင်ပျက်စီးသွားတာရှိတယ်၊ နေအိမ်မထိတာ မရှိသလောက်ပဲ ရပ်ကွက် ၅ မှာဆိုရင် ထိခိုက်မှု ပိုများတယ်လို့ ပြောလို့ရတယ်၊ ရပ်ကွက် ၃ မှာဆိုလည်း လေယာဉ် လာကြဲလို့ နေအိမ် ၁၃ အိမ် လောက်ပျက်သွားတယ်”လို့ ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွါးနေခြင်းကြောင့် ဒေသခံများ နီးစပ်ရာနေရာသို့ စစ်ရှောင်နေစဉ်အတွင်း နေအိမ်များ ဝင်ဖောက်ခံနေရခြင်း၊ ဆန်၊ စပါးနှင့် ပစ္စည်းများကို ခိုးယူသွားခြင်းခံရသူများလဲ ရှိနေကြောင်း ၎င်းမှ ထပ်မံသိရှိရ သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ မှတ်တမ်းပြုစုချက်အရ နမ့်ဖတ်ကာကျေးရွာမှာ ဒေသခံ (၂၅)ဦး သေဆုံးပြီး  (၂၈)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက်ထားခံရပြီး ထိခိုက်ပျက်စီးမှုးအသေးစိတ်ကို ဆက်လက်စုံစမ်းသွားမည် ဖြစ်သည်။

ဓါတ်ပုံ – ဒေသခံပေးပို့

#တိုက်ပွဲ

#နမ့်ဖတ်ကာ

#ထိခိုက်သေဆုံ