မူဆယ်နှင့် နမ့်ခမ်းတွင် အမျိုးသမီးအပါအဝင် ဒေသခံ (၄)ဦး မိုင်းနင်းမိကာ ခြေထောက်တစ်ဖက်စီဖြတ်ရပြီး ယနေ့ထိဆေးကုသမှုခံယူနေရ
ရှမ်း/မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် အမျိုးသမီးအပါအဝင် ဒေသခံ(၄)ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆီ ဖြတ်လိုက်ရကြောင်း သတင်းရရှိပါသည်၊၊
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်နေ့တွင် နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၇ နှစ်အရွယ်ရှိ ဒေါ်မာလု သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းဟောင်း (စခန်းသစ်)အနီးမှာ ကြံခုတ်နေစဉ် မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိပြီး ဘယ်ခြေထောက် တစ်ဖက်ဖြတ်လိုက်ရကြောင်း သိရှိခဲ့ရပါသည်။
ထို့အပြင် မူဆယ်မြို့နယ်တွင်လည်း လွန်ခဲ့သည့် ဇန်နဝါရီလ ၂၁ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ကချင်လူမျိုး ဖြစ်သူ ဦးဘရန်ဆန်အောင် သည်လည်း ၎င်း၏ သူငယ်ချင်းဖြစ်သူနှင့်အတူ တောထဲတွင် ပျားရည် ယူရန်သွားနေစဉ် မြေမြုပ်မိုင်းနင်းမိခဲ့ပါသည်၊၊
မောင်ဘရန်ဆန်အောင်မှ “သူငယ်ချင်းနဲ့ မန်မိုင်ရွာနားက တောထဲမှာ ပျားရည်သွားယူမလို့ မိုင်းနင်းမိသွားတယ်၊ မိုင်းနင်းမိတော့ သူငယ်ချင်းက ထွက်ပြေးသွားလို့ ကိုယ့်ဟာကိုယ် လွယ်အိတ်နဲ့ချည်ပြီး မန်မိုင်ရွာထဲမှာ ဆင်းလာတယ်၊ ရွာသားတွေက ကူညီပြီး ဆေးရုံခေါ်ခဲ့တာ”ဟု ဆိုပါသည်၊၊
အဆိုပါ မိုင်းနင်းမိသည့် မောင်ဘရန်ဆန်အောင်သည် ပန်ဆိုင်းမြို့မှ မူဆယ်မြို့ပေါ်ကို စစ်ရှောင်လာသူဖြစ်ပြီး မိုင်းနင်းမိစဉ် ဘယ်ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရရှိကာ ညာဘက်ခြမ်းဖြစ်သော ဒူး၊ လက်တို့လဲ မိုင်းစများ ထိရှကာ မူဆယ်ဗဟိုဆေးရုံမှာ ဘယ်ဘက်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပြီး ဆေးကုသမှု ခံယူနေပါသည်၊၊
ထို့ဖြစ်စဉ်နည်းအတူ ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း နမ့်ခမ်းမြို့နယ် လွယ်လာဝ်ကျေးရွာခံဖြစ်သူ အသက် ၂၄ နှစ် အရွယ် မိုင်းအိုက်မြတ်ကျော်သည် မူဆယ် မန်မိုင်ရွာဘက်တွင် မီးသွေးလုပ်ငန်းလုပ်ဆောင်နေသည့် ဆွေးမျိုးများကို ကြည့်ရန်သွာနေစဉ် မြေမြှပ်မိုင်းနင်းမိခဲ့ပြီး ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
“ကျတော်က မန်မိုင်တောမှာ မီးသွေးဖုတ်နေတဲ့ အဒေါ်တွေကိုသွားကြည့်မလို့ သူတို့နဲ့လည်း အဆက်အသွယ်မရလို့လေ စားစရာတွေရှိသေးလား အဆင်ပြေရဲ့လားပေါ့၊ အသွားမှာပဲ မန်မိုင် ရွာနားမှာ မိုင်းနင်းမိတယ်၊ ညာဘက်ခြေတစ်ဖက်ပြတ်သွားတယ်၊ ဆေးရုံတော့ဆင်းပြီ၊ ၃ ရက် တစ်ခါ ဆေးရုံ သွားပြနေရသေးလို့ ရွာဘက်ကို မပြန်နိုင်သေးဘူး၊ မူဆယ် နောင်ခန်ရွာမှာရှိတဲ့ အမျိုးအိမ်မှာ ခနနေတယ်’’ဟု ကာယကံရှင်ဖြစ်သူ မိုင်းအိုက်မြတ်ကျော်မှ ပြောပြပါသည်။
ဇန်နဝါရီလ ၁၂ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် တောင်ပေါ်တစ်နေရာတွင် မိုင်းနင်းပြီး ခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိသော်လည်း အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော မူဆယ်မြို့ မန့်ဟန်ကျေးရွာနေ မိုင်းညီခယ် အပါအဝင် ၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်း နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် ဝမ်းစာရေးအတွက် ရှာဖွေရင်းနဲ့ မြေမြှပ်မိုင်းများ နင်းမိသည့် ဒေသခံ (၈)ဦး ရှိပြီဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ မှတ်တမ်းတင် ကောက်ယူရရှိခဲ့ပါသည်၊၊
ဓါတ်ပုံ – တအာင်းအမျိုးသမီးအဖွဲ့အစည်း/ ဒေသခံပေးပို့
#မြေမြှုပ်မိုင်း
#ဒေသခံ
#ရှမ်းပြည်မြောက်ပိုင်း