အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်မှုရှိပြီး လူနေအိမ်များထိခိုက်ပျက်စီးကာ ဒေသခံများစစ်ရှောင်နေရ

ယနေ့ ဇန်နဝါရီလ ၂၁ရက်နေ့မနက် ၁၀နာရီခွဲ ဝန်းကျင် မန့်ဝိန်းကြီးတွင် KIAနှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှာ အကြမ်းဖက်စစ်တပ်မှ လေကြောင်းနဲ့ တိုက်ခိုက်မှုအသုံးပြုခဲ့သဖြင့် ဒေသခံ ၂ဦးထိခိုက်ပြီး နေအိမ်များလဲ အများအပြား ထိခိုက်မှု ရှိကြောင်း သိရပါသည်။

“တိုက်ပွဲက ၁၉ရက်နေ့ကတည်းက ဖြစ်နေတာ လက်နက်ကြီးတွေနဲ့လဲ ပစ်ကြတာ အဲမှာ ရှိတဲ့သူတွေက နမ့်ခမ်းကို ရှောင်လာကြတာလဲ ရှိတယ်၊ ဒီနေ့ လေယာဥ်နဲ့ ၃ခါ လာပစ်တာ လူ၂ယောက်ထိသွားတယ် အိမ်တွေလဲ အများကြီးထိတာ ကြံခင်းမှာလဲ တစ်လုံးကျလို့ ကြံတွေတောင် မသိမ်းရသေးဘူး မီးလောင်သွားတယ်”ဟု နမ့်ခမ်းဒေသခံ တစ်ဦးက TWO ကို ပြောပြခဲ့သည်။

လေယာဥ်ဗုံးကြဲမှုကြောင့် နောင်မ(လုံ)ကျေးရွာနေ အသက်(၅၁)နှစ်အရွယ် ဦးဆိုင်ထွန်းလှ နှင့် အသက်(၄၃)နှစ်အရွယ် ဒေါ်နန်းခမ်းအောင်တို့ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ၎င်းတို့၏နေအိမ်လဲ ပြိုကျပျက်စီးသွား​သည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်များ၊ ကြံခင်းတွင် ခုတ်ထားပြီးမသိမ်းရသေးသည့် ကြံများ မီးလောင်သွားကြောင်းလဲ ထပ်မံသိရပါသည်။

အဆိုပါ တိုက်ပွဲ​တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် မန့်ဝိန်းကြီးနှင့်အနီးအနား ကျေးရွာများမှ ပြည်သူများလည်း နမ့်ခမ်းမြို့ထဲနှင့် မန်အိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေ ကြကြောင်းနေကြောင်း သိရှိရသည်။

ဓါတ်ပုံ – ဒေသခံပေးပို့

#လေးကြောင်းဗုံးကြဲ#စစ်ကောင်စီ

#ဒေသခံစစ်ရှောင် #လူနေအိမ်ထိခိုက်

#မန်ဝိန်းကြီး