မိုင်းထိတဲ့ သီပေါ ဒေသခံအမျိုးသားတစ်ဦး ဆေးကုသမှုအတွက် အကူအညီလိုအပ်
တအာင်းတပ်မတော်ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် ရှိသော အကြမ်းဖက်စစ်ကောင်စီတပ် စခန်းဟောင်းဖြစ်သည့် ၅၀၄ တပ်စခန်းတွင် မိုင်းထိသည့် ဒေသခံတစ်ဦး ဆေးကုမှုအတွက် အကူအညီလိုအပ်နေကြောင့် ဆွေးမျိုးထံမှ တစ်ဆင့် သိရှိရပါသည်။
လွန်ခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် ည ၈ နာရီ ဝန်ကျင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းဟောင်းဖြစ်သည့် ၅၀၄ တစ်စခန်း အနီးတွင် ကြက်ရှာရာကနေ မြေမြှပ်မိုင်း ထိခဲ့တာပဲ ဖြစ်ပါသည်။
ဆွေးမျိုးတော်စပ်သူ တစ်ဦးမှ “သူကို့မေးကြည့်တော့ သူ့က တပ်စခန်းမှာ ထိတာ၊ ညအချိန် ကြက်သွားရှာတာတဲ့ မိုင်းကို လက်နဲ့ထိမိတာ ပေါက်ကွဲမှု ဖြစ်ပြီးသူ့ကို ထိသွားတယ်၊ ဒဏ်ရာကတော့ ပြင်းတယ်၊ ဘယ်ဖက်လက်ညိုးနဲ့ လက်မ ပြတ်သွားတယ်၊ မိုင်းအစက မျက်လုံးထဲထိဝင်သွားတော့ မျက်လုံးနှစ်ဖက်စလုံးလဲ ကွယ်သွားတယ်” ဟု ဆိုပါသည်။
အဆိုပါ မိုင်းထိသည့် အမျိုးသားသည် အသက် ၃၄ နှစ်အရွယ်ရှိ မန်ကောင်းကျေးရွာခံ တစ်ဦးဖြစ်သူ ဦးစိုင်းလီပဲ ဖြစ်ပါသည်။ ပြင်းထန်သည့် ဒဏ်ရာရရှိခြင်းကြောင့် ဆရာဝန်များမှ ဆေးရုံကို ရက်ချိန်းပေးခဲ့သော်လည်းပဲ မိသားစုစားဝတ်နေရေးနှင့် ငွေကြေးအခက်အခဲကြောင့် ယနေ့အချိန်ထိ ရက်ချိန်းမသွားနိုင်သေးပဲ ဆေးကုမှုလည်း ခံယူနိုင်ခြင်း မရှိသေးကြောင့် ထပ်မံသိရှိရပါသည်။
“မိုင်းစထိတဲ့အချိန်က ဆေးရုံတစ်ခါပြပြီးပြီ၊ ပိုက်ဆံအဆင်မပြေတော့ မျက်လုံးထဲဝင်သွားတဲ့ မိုင်းအစကို ညာ ဘက်တစ်ဖက်ပဲခွဲထုတ်ရသေးတယ်၊ အခုဘယ်တစ်ဖက်ကျန်နေသေးတယ်၊ ဆရာဝင်တွေက ဆေးရုံလာပြခိုင်းသေးတယ်၊ သူတို့က အဆင်မပြေတော့ သွားမပြနိုင်သေးဘူး၊ အဲ့ဒီမိုင်းအစကို မခွဲထုတ်ရင် ပုတ်ပြီး အာရုံကြောတွေ ထိမယ်၊ ဦးနှောက်ထဲထိရောက်နိုင်တယ်၊ အခုမျက်စီး နှစ်ဖက်စလုံးကွယ်နေပြီဆိုတော့ သူ့က ဘာမှလုပ်လို့မရဘူး၊ သူတို့က အရမ်းခက်ခဲဖြစ်တယ်၊ နိုင်ငံကောင်းရင် အလှူရှင်တွေရှိရင် ကျန်ရှိနေတဲ့ မိုင်းအစကို ပြန်ထုတ်ချင်တယ်တဲ့ မျက်စီးပြန်မြင်အောင်လဲ ကုသချင်တယ်၊ သူ့အမေက ငါကအသက်ကြီးနေပြီတဲ့ ငါမျက်လုံးကို ယူပြီး နင်ဆီထည့်လိုက် အဲ့လိုတောင်ပြောတယ်” ဟု ပြောပါသည်။
ဦးစိုင်းလီသည် မိသားစုဝင် ၆ ဦးရှိပြီး ၎င်းတို့ ၆ ဦးကို ရှာဖွေလုပ်ကျွေးနေသူဖြစ်ပြီး မိုင်းထိပြီးနောက်ပိုင်းတွင် မိသားစုစားဝတ်နေရေးအတွက် ယခင်ထက် ပိုမိုခက်ခဲနေကြောင့် သိရှိရပါသည်။