မိုင်းကျက်ရွာ ဘုန်းကြီးကျောင်းအနီး ကိုရင်လေးတစ်ပါးနှင့် လူငယ်တစ်ဦး မြေမြှုပ်မိုင်းတိုက်ပြီး သေဆုံးခဲ့

ှမ်း/မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာတွင် ကိုရင်တစ်ပါးနှင့် လူငယ်တစ်ဦး တို့သည် မြေမြှုပ်မိုင်းထိပြီး သေဆုံးသွားခဲ့ရကြောင့် သတင်းရရှိပါသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့ မနက် ၉ နာရီ ကျော်အချိန်တွင်  မိုင်းကျက်ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် တွန်းလှည်းဖြင့် အုတ်သယ်လာသည့် ကိုရင်တစ်ပါးနှင့် တအာင်းလူမျိုးဖြစ်သူ အသက် (၁၉)နှစ်အရွယ်  စိုင်းအိုက်ငင်းတို့သည် မြေမြှုပ်မိုင်းတိုက်မိပြီး သေဆုံးခဲ့ ရပါသည်။

သေဆုံးသူ စိုင်အိုက်ငင်း၏ညီလေးဖြစ်သူ ပြောပြချက်အရ   ‘‘သူတို့ထိတဲ့နေရာက တခြားသူတွေလည်း သွားသွားလာလာ လုပ်နေကြတယ်၊ မိုင်းကမပေါက်ဘူး၊ ကိုရင်က တွန်းလှည်းနဲ့အုတ်သယ်လာတာ၊ လှည်းပေါ်မှာ အုတ်တွေနဲ့ဆိုတော့ အရမ်းလေးလို့ မိုင်းပေါက်သွားတာဖြစ်မယ်၊ ကိုရင်ကတော့ ပွဲချင်းသေသွားတယ်၊ အစ်ကိုကဆေးရုံမှာ ခွဲစိတ်ခန်းဝင်ပြီးမှ သေသွားတယ်”ဟု ပြောသည်။

အဆိုပါ မိုင်းထိသည့် စိုင်းအိုက်ငင်းသည်  လက်၊ ဗိုက်နှင့် တင်ပါး စသည့်နေရာများတွင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့ပါသည်။

မိုင်းကျက်ကျေးရွာတွင် ၁၀၂၇ စစ်ဆင်ရေးကာလတွင် အကြမ်းဖက်စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် တအာင်းတပ်မတော်(TNLA)တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည့် နေရာဒေသ ဖြစ်ကြောင်း သိရှိရပါသည်။

 Photo- Local

#‌မြေမြုပ်မိုင်း#သေဆုံး#မိုင်းကျက်#လားရှိုး