ကျွဲသွားရှာသော စယ်လုံးရွာခံတစ်ဦး မိုင်းနင်းမိပြီးခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆေးကုသမှု စရိတ်အခက်အခဲရှိနေ
ရှမ်းပြည်နယ်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လွယ်ယိုင်းကျေးရွာအုပ်စု စယ်လုံးကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦးသည် ဇွန်လ ၂၆ရက်နေ့ညနေ ၄နာရီအချိန်တွင် မြေမြှုပ်မိုင်းနင်းမိရာကနေ ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုအတွက် အခက်အခဲရှိပြီး အကူအညီလိုအပ် နေကြောင်းသိရှိရပါသည်။
ကာယာကံရှင်ဖြစ်သူမှ “ကျနော်သူငယ်ချင်းနဲ့ တောထဲမှာ ကျွဲရှာသွားတာ သူကအပေါ်လမ်းကသွားတယ်။ ကျနော်က အောက်လမ်းကသွားတယ်၊ ကျွဲတွေ့တဲ့အချိန်မှာ ကျွဲတစ်ကောင်က မိုင်းနင်းပြီးပြီ၊ ကျွဲမိုင်းနင်းမိတာ တွေ့တော့ ရှေ့မတိုးတော့ဘဲနောက်ပြန်လှည့်ပြန်မယ်ပေါ့ ပြန်လှည့်တဲ့အချိန်မှာဘဲ ကျနော်လည်း နောက်ထပ်မိုင်း ပြန်နင်း မိသွားတယ်။ ကျနော်နင်းမိပြီးတော့ လယ်ထဲမှာရောက်တဲ့အချိန် နောက်ထပ် တစ်လုံးပြန်ပေါက်တယ်၊ မိုင်းက ၃ လုံးပေါက်တယ် ။ ပထမတစ်လုံးက ကျွဲတစ်ကောင်ထိတယ်၊ ဒုတိယတစ်လုံးက ကျနော်ကို ထိတယ်၊ တတိယ တစ်လုံးလည်း နောက်ထပ် ကျွဲကိုပဲထိတယ်၊ ၂ ကောင်စလုံးက ဒဏ်ရာရတယ်”ဟု ပြောပါသည်၊၊
အဆိုပါမြေမြှုမိုင်းနင်းမိသည့် ဦးစံအေးသည် အသက် ၄၇ နှစ်အရွယ်ရှိ အထက်ပန်ယုတ်ကျေးရွာဇာတိဖြစ်ပြီး လယ်ထွန်ရန်အတွက် တောဘက်တွင် ကျွဲသွားရှာရင်း မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်နှစ်ဖက်စလုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိကာ နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရပါသည်။
“အခု မိုင်းနင်းမိတော့ ဘယ်ခြေထောက် ပေါင်ရင်းနားထိဖြတ်ရတယ်၊ ညာဘက်လည်း မိုင်းအစတွေထိတယ်၊ ညာဘက်လက် တံတောင်ဆစ်အောက်နားလည်း မိုင်းအစထိလို့ ဒဏ်ရာရတယ်။ ဆေးရုံက တစ်ရက် နှစ်ရက်ပဲ တက်ရမှာမဟုတ်ဘူးဆိုတော့ ဆေးကုသစရိတ် အခက်အခဲရှိတယ်”ဟု ထပ်မံဆိုပါသည်။
ဦးစံအေး မိုင်းနင်းမိသည့် နေရာသည် ယခင်က ကျွဲအမြဲသွားရှာနေသည့် နေရာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းချခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့ပြီး ယခုမြေမြှုပ်မိုင်းသည် မည်သည့် အဖွဲ့အစည်း၏ မိုင်းဖြစ်သည်ကို သေ ချာမသိရနိုင် ကြောင်း မိသားစုဝင်များထံမှ ထပ်ဆင့် သိရှိရပါသည်၊၊
ဓါတ်ပုံ – TWO
#တအာင်းအမျိုးသမီးအဖွဲအစည်း
#မြေမြှုပ်မိုင်း #ခြေပြတ် #ဒေသခံ #နမ့်ခမ်း