နောင်ချိုမြို့တွင် ကြံခုတ်ရင်း မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု ဈေးကုန်းကျေးရွာတွင် ကြံခုတ်နေသည့် အမျိုးသမီး ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ ရက်နေ့ နေ့လယ် ၁ နာရီ၌ ကျေးရွာနှင့် မိနစ် ၃၀ အကွာအဝေးလောက် သွားရသည့် ကြံခင်းတစ်နေရာတွင် ကြံခုတ်ရင်းမြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မဖြူဖြူလွင်၏ အမျိုးသားမှ “ကြံခုတ်နေရင်း နင်းမိသွားတာ၊ မြေမြှပ်မိုင်းဖြစ်တယ်၊ ကြံခင်းထဲကို နင်းမိတာပါ၊ ဆေးရုံတက်ရတာ၁၅ ရက်ရှိပြီ မဆင်းရသေးဘူး” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

အဆိုပါ မိုင်းနင်းမိသည့်ဖြစ်စဉ်တွင် အသက် ၃၈ နှစ် ရှိသည့် မဖြူဖြူလွင်သည် ညာခြေထောက် ဒူးအောက်ပိုင်းကို ဖြတ်လိုက်ရသည့်အပြင် ဘယ်ခြေထောက်ပါ မိုင်းအစအန ထိခိုက်ကာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး မစီအေး အသက် ၄၆ နှစ်သည် မျက်စိ၊ နဖူးနှင့် ဘယ်လက်ပါ မိုင်းအစအနထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

ဒေါ်စီအေး၏သားဖြစ်သူမှ “ဘယ်လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့မိုင်းဖြစ်လည်းတော့ မသိပါဘူး၊ တိုက်ပွဲဖြစ်တုန်းက ကျွန်တော်တို့ မန်းလေးဖက် စစ်ရှောင်သွားတာပါ၊ နောင်ချိုကို ပြန်လာတာတော့ ၆ လလောက်ရှိပါပြီ” ဟု ထပ်မံ ပြောပါသည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသည့် မဖြူဖြူလွင်နှင့် ဒေါ်စီအေးသည် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိပြီး ဆေးကုသရန် စရိတ် အခက်အခဲရှိနေကြောင်း သိရပါသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *