မူဆယ်မှာ ထင်းသွားခုတ်သည့် အမျိုးသား ၂ဦး မြေမြှုပ်မိုင်းထပ်မံနင်းမိပြီး ခြေတစ်ဖက်ပြတ်ကာ ပြင်းထန်ဒဏ်ရာရခဲ့

ရှမ်း/မြောက် မူဆယ်မြို့နယ် မန်ဆာကျေးရွာနှင့် မိုင်းဆက်ကျေးရွာမှ  ထင်းသွားခုတ်သည့် အမျိုးသား ၂ ဦးသည် မြေမြုပ်မိုင်း နင်းမိပြီး ခြေတစ်ဖက်ဆီ ပြတ်ထွက်သွားကြောင်း သတင်းသိရှိရသည်၊၊

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ခင်း ၈ နာရီခွဲ ဝန်းကျင်တွင် ရှမ်းလူမျိုးဖြစ်သူ အသက် (၃၇) နှစ်အရွယ် ဦးစိုင်းကျော်မင်းသည် တောထဲထင်းခုတ်ရန် သွားနေစဉ် လမ်းတနေရာတွင် မြေမြုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်ပါသည်။

“သူ့ကတောထဲမှာ ထင်းသွားရှာတာ၊ လမ်းမှာပဲမိုင်းနင်းမိတယ်၊ ညာဘက်ခြေထောက် ပြတ်သွားတယ်၊ ခြေဖျားတွေတောင် မရှိတော့ဘူး၊ အခုမူဆယ်ပြည်သူဆေးရုံမှာပဲ ဆေးကုသနေတယ်” သည်ဟု ဦးစိုင်းကျော်မင်း၏ ဇနီးဖြစ်သူက ပြောပါသည်။

ထို့အပြင် ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း နမ့်ကတ်အုပ်စု မိုင်းဆက်ကျေးရွာတွင် နေထိုင်သည့် အသက် (၃၀) အရွယ် မိုင်းမောင်အေးသည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအနီး နောင်မိုကျေးရွာဘက်တွင် ထင်းခုတ်ရန် သွားနေရင်း မြေမြှုပ်မိုင်း နင်းမိခဲ့သည့် ဖြစ်စဉ်လည်း ထပ်မံဖြစ်ပွားခဲ့ပါသည်။

မိုင်းမောင်အေး၏ ညီမဖြစ်သူပြောပြချက်အရ “သူ့က ညနေ ၅ နာရီလောက် နောင်မိုဘက်မှာ ထင်းသွားခုတ်မလို့ မိုင်းနင်းမိသွားတယ်၊ နောင်မိုဘက်မှာ ဗမာစစ်တပ်စခန်းရှိတယ်၊ သူ့နင်းမိတဲ့ အချိန်လည်း စစ်တပ်ကပဲတွေ့တယ်၊ သူတို့ပဲ နောင်မိုရွာဉက္ကဌကို အကြောင်းကြားခဲ့လို့ ရွာသားတွေက ခေါ်လာပေးတယ်၊ တခြားနေရာတော့မထိဘူး၊ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာပြင်းတယ်၊ ဆရာဝန်တွေက ဖျက်ပစ်ရမယ်” သည်ဟု ဆိုပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ကောက်ယူစုဆောင်းသည့် မှတ်တမ်းပြုစုချက်အရ ရှမ်း/မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ နမတူ၊ နမ့်ဆန် မြို့နယ်တို့တွင် အမျိုးသမီးနှင့် ကလေးအပါအဝင် မြေမြှပ်မိုင်းနင်းမိသည့် ဒေသခံ  (၁၆)ဦးရှိပြီး အဆိုပါ ဒေသခံများသည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအနီးဝန်းကျင်တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက် ကြွင်းကျန်ပစ္စည်းများ ကြောင့် ကိုယ်လက်အင်္ဂါများ ထိခိုက်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း တွေ့ရှိရပါသည်။

ဓာတ်ပုံ – ဒေသခံပေးပို့

#မိုင်းနင်းမိ

#ခြေပြတ်

#မူဆယ်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *