KIA တပ်သားတို့ ပိုက်ဆံပေးကြေအေးခိုင်းသည့်အပေါ် ရိုက်နှက်ခံထားရသည့် သံဃာတော်များ လက်မခံဘဲ ပစ်မှုအပေါ် အရေးယူပေးရန်သာ လိုလားနေ

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ တွင် အခြေချနေသော ကချင်တပ်မတော် (KIO/KIA)တပ်ဖွဲ့သည်  နမ့်ဖတ်ကာကျေးရွာ နယ်မြေ (၂) ရန်အောင်မြင်ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်နှစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ကို ကြိုးတုတ်ပြီးရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့်  ဇန်နဝါရီလ ၂၇ ရက် ညနေပိုင်း ၄ နာရီခွဲအချိန်တွင် ပျက်စီးသွားတဲ့ နေအိမ်များနှင့် လွယ်ကုန်ကျေးရွာတွင်ရှိနေသော ဦးဇင်း၏ မယ်တော်အိမ်ကို သွားရောက်ကြည့်ရှု့ရာမှာ လွယ်ကုန်ရွာအဝင် ဂိတ်စောင့်နေသည့် ကချင်တပ်မတော်၏ တပ်သား(၃)ဦးမှ ဦးဇင်းနှင့်ကိုရင်းကြီးတို့နှစ်ပါးကို သံဃာအတုဆိုကာ ခေါ်ယူစစ်ဆေးခဲ့ပြီး ထိုနေရာမှာပင် ကြိုးတုတ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက  “လွယ်ကုန်ရွာမှာ ဦးဇင်းရဲ့အမေအိမ်ကို သွားကြည့်မလို့၊ ဦးဇင်းရယ် ကိုရင်ကြီးတစ်ပါးရယ်၊ ဂေါပက ဦးအိုက်ကျင်ရယ် အတူသွားကြည့်ကြတယ်၊ ဂိတ်စောင့်နေတဲ့ ကချင်စစ်သား ၃ ယောက်က ဦးဇင်းနဲ့ ကိုရင်ကို ဘုန်းကြီးအတုလို့ပြောပြီး သင်္ကန်းချွတ်ခိုင်းတယ်၊  ကြိုးနဲ့တုတ် ဖမ်းဆီးပြီးရိုက်နှက်တယ်၊ ဦးဇင်းနဲ့ကိုရင်ရဲ့ခေါင်းတွေကို နင်းတယ်၊ ဦးအိုက်ကျင်လည်း ရိုက်ခံရတယ်၊ မျက်နှာမှာ ဒဏ်ရာနည်းနည်းရတယ်” ဟု ပြောပါသည်။

အဆိုပါ ကချင်တပ်မတော်သည် ဦးဇင်း၊ ကိုရင်ကြီးနှင့် ဦးအိုက်ကျင် တို့ကို ဖမ်းဆီးရိုက်နှက်ပြီး နောက်ပိုင်းတွင် ၂၇ ရက် ညနေ ၅ ခွဲဝန်းကျင်မှာ  ကချင်တပ်မတော် တစ်ဖွဲ့ဝင်တစ်ဦး ရောက်ရှိလာပြီး ဦးဇင်းနှင့် ကိုရင်ကြီးတွေကို ပြန်တောင်းပန်ရန်နှင့်  ငွေကျပ်သုံးသိန်းခုနှစ်သောင်း ကျပ်တိတိ(၃၇၀,၀၀၀) ကို ပေးခိုင်းပြီး အမှုကို ကြေအေးခိုင်းခဲ့ကြောင့် ထပ်မံသိရှိရပါသည်။

သို့သော် ယနေ့အထိလည်း ၄င်းတို့ပေးသော ငွေသားကို  ရိုက်ခံရသည့် သံဃာနှစ်ပါးနှင့် ဦးအိုက်ကျင်တို့သည် လက်ခံမှု မရှိသေးဘဲ ငွေကိုမလိုချင်ပဲ နမ့်ဖတ်ကာရွာအတွင်းရှိ ရဟန်းရှင်များနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် နောက်နောင်မှာ ဒီဖြစ်စဉ်လိုမျိုး မဖြစ်အောင် ကျူးလွန်သူကို ၄င်းတပ်ဖွဲ့မှ အရေးယူပေးရန် လိုလားကြောင်းကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ကွင်းဆင်းမှတ်တမ်းကောက်ယူစုဆောင်းချက်အရ သိရှိရပါသည်၊၊

ဓါတ်ပုံ – ဒေသခံ

#ဖမ်းဆီးရိုက်နှက်#KIA#နမ့်ဖတ်ကာ#ကွတ်ခိုင်မြို့နယ်