ငါးမျှားရန်အတွက် မိုင်းခွဲသည့် တန့်ယန်းမြို့မှ အမျိုးသားတစ်ဦး မိုင်းထိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိ

ရှမ်း/မြောက် အကြမ်းဖက်စစ်ကောင်စီတပ် ထိန်းချုပ်ထားသော တန့်ယန်းမြို့နယ် ကောင်းဆန်းကျေးရွာအုပ်စု မန်နားကျေးရွာတွင်ဒေသခံ အမျိုးသားတစ်ဦး လက်လုပ်မိုင်း ထိခိုက်ပြီး မျက်နှာတစ်ခုလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင့် ဒေသခံထံမှ တစ်ဆင့်သိရှိရပါသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ရက် ညနေပိုင်း ၄ နာရီအချိန်တွင် တန့်ယန်းမြို့နယ် ကောင်းဆန်းကျေးရွာအုပ်စု မန်နားကျေးရွာခံ စိုင်းအိုက်လူသည် ငါးဖမ်းရန်အတွက် မိုင်းသွားခွဲရင်း မိုင်းပေါက်ကွဲမှုဖြစ်ပြီး မျက်နှာနှင့် လက်နှစ်ဖက်လုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။

“ သူတို့က ချောင်းမှာငါးဖမ်းဖို့ မိုင်းသွားခွဲတယ်။ သွားတဲ့သူတွေတော့အများကြီးရှိတယ်။ သူတစ်ယောက်ပဲထိတယ်။ မိုင်းကိုပစ်ဖို့လုပ်နေတဲ့အချိန်မှာ မိုင်းကလက်ထဲမှာပဲ ပေါက်ကွဲသွားတယ်။ မိုင်းကလက်လုပ်မိုင်း။ လက်နှစ်ဖက်ရဲ့လက်ချောင်းတွေက ပြတ်သွားတယ်။ မျက်နှာတစ်ခုလုံးမှာ ဒဏ်ရာရတယ်။ မျက်လုံးနှစ်ဖက်စလုံးက အခုထိ ဘာမှမမြင်ရသေးဘူး။ ”ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

 ထိုသို့ မိုင်းထိခိုက်သည့် အမျိုးသားသည် အသက် ၄၁ နှစ်အရွယ် ရှမ်းလူမျိုးဖြစ်သူ စိုင်းအိုက်လူပဲ ဖြစ်ပါသည်။ လက်ရှိအချိန်တွင်လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါသည်။