နမ့်ဖတ်ကာတွင် စစ်လက်နက်ကြွင်းအကျန်ပစ္စည်း ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲပဲကျန်ရှိနေသည့် စစ်လက်နက်ကြွင်းကျန် ပစ္စည်းများ ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိ ပါသည်။

ဖေဖော်ဝါရီလ ၃ရက်နေ့ မနက် ၉နာရီအချိန် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၅တွင် နေထိုင်သည့် အသက် (၁၂)နှစ် နှင့် (၉)နှစ်အရွယ် ကလေးငယ်နှစ်ဦးသည် ဘုန်းကြီးကျောင်းမှာ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ကို ယူဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပြီး နှစ်ဉီးစလုံး ဒဏ်ရာရရှိခဲ့ပါသည်၊၊

ကာယာကံရှင် မိသားစုဖြစ်သူ ပြောပြချက်အရ “သူတို့သုံးယောက် ဘုန်းကြီးကျောင်းမှာ သွားဆော့နေကြတယ်၊ စေတီနားမှာ အဖြူရောင်လို လက်နက်ကျည် တစ်ခုတွေ့တော့ သူတို့ ၃ ခါလောက်ယူပစ်သေးတယ် မပေါက်လို့ နောက်တစ်ခါပြန်ပစ်တဲ့ အချိန်မှာ ပေါက်ကွဲသွားတယ်။ သူ့တို့က ၃ ယောက်ထဲက နှစ်ယောက်ထိသွားတယ်၊ နှစ်ယောက်စလုံး ဒဏ်ရာရတယ်”ဟု ဆိုပါသည်။

လက်နက်ကြီးပစ်ပေါက်သည့် ကလေးနှစ်ဦးမှာ မိုင်းယိုင်တင်အောင်ဖြစ်သူက တင်ပါး၊ ခြေထောက်နှစ်ဖက်စလုံးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး မိုင်းကျော်ဝင်းထွန်းက ကျောနှင့် ဘယ်ပခုံးအောက်မှာ ဒဏ်ရာရရှိခဲ့ပြီး ယနေ့အထိ ဆေးကုသမှု ခံယူနေရကြောင်းသိရှိရပါသည်။

အဆိုပါ စစ်လက်နက်ကြွင်းကျန် ကျန်ရှိခဲ့သည့်နေရာမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နမ့်ဖတ်ကာ အခြေစိုက် ခလရ ၁၂၃ တပ်နှင့် ကချင်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းတွင် ကချင်တပ်မတော် တပ်စွဲခဲ့သည့် နေရာဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

ဓါတ်ပုံ – မိသားစု

#နမ့်ဖတ်ကာ#လက်နက်ကြီးပေါက်ကွဲ#ကလေး