ကွတ်ခိုင်မြို့သိမ်း တိုက်ပွဲအပြီး ဒေသခံများနေအိမ် (၁၂) လုံးနှင့် သာသနာအဆောက်အဦး (၂)လုံး ထိခိုက်ပျက်စီးခဲ့

Ta’ang Women’s Organization

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် တအာင်းတပ်မတော်(TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား မြို့သိမ်းတိုက်ပွဲ အပြီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် ပေါင်၅၀၀ဗုံးကြဲခြင်း နှင့် လက်နက်ကြီး/ငယ် အသုံးပြုတိုက်ခိုက်ခြင်းကြောင့် ဟိုကျန့်ကျေးရွာ ဒေသခံနေအိမ် (၈) လုံးနှင့် ရပ်ကွက် (၂) ဒေသခံနေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် သာသနာအဆောက်အဦး နှစ်ခုလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသမီး၏ ကွင်းဆင်းကောက်ခံချက်အရ သိရှိရပါသည်။

နေအိမ်ထိခိုက်ပျက်စီးမှုများမှာ ရပ်ကွက် (၂)တွင် နေထိုင်သည့် ဒေါ်ဆွေညွန့်နှင့် ဦးသိန်းအောင်၊ ဦးအိုက်မွန်းနှင့် ဦးဝင်းကြိုင်တို့ဖြစ်ပြီး ဟိုကျန့်ကျေးရွာတွင်နေထိုင်သည့် ဦးအိုက်အောင်၊ တာခူန်ဆမ်၊ တာကူန်အေးကော်၊ ဦးအိုက်ပေါင်း၊ မာအေးကလား၊ ယန့်ကျားချုံ့၊ ဦးကျော်ထွန်းတို့ ဖြစ်ပါသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၂)တွင် နေထိုင်သည့် ဒေါ်ဆွေညွန့်နှင့် ဦးသိန်းအောင်တို့ နေအိမ်ကို ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှာ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဟိုကျန့်ကျေးရွာ ဒေသခံနေအိမ်များဟာ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် အချိန်တွင်း ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်ပါသည်။

ရပ်ကွက်(၂)တွင်နေထိုင်သည့် ဒေါ်ဆွေညွန့်ပြောပြချက်အရ ” ကျမတို့က လားရှိုးဘက်ကိုရှောင်သွားကြတယ်၊ ပြန်ရောက်လာမှကြည့်လိုက်တော့ အိမ်က ပျက်စီးနေတယ်၊ အိပ်ခန်းတွေရော မီးဖိုးချောင်းကောပျက်စီးနေတယ်၊ သွပ်မိုးတွေ အဓိကထိတာပေါ့ အကုန်လုံးပြန်လဲမှရတော့မယ်၊ မိုးရွားရင်မိုးယိုနေတယ်၊ နှင်းစက်တွေလဲ ယိုနေတယ်” ဟုပြောပါသည်။

ယခုလို ထိခိုက်ပျက်စီးသွားသည့်အပေါ်မှာ ကျူးလွန်သည့် တရားခံများမှတာဝန်ယူမှု တာဝန်ခံမှု ရှိပြီး ကျန်သည့်ပစ္စည်း အသေးအမွှားပြန်မရသည့်တိုင်အောင် အိမ်ခေါင်မိုးပြင်နိုင်ရန် သွပ်မိုးများအတွက် ပြန်လည်ကူပေးစေလိုသည်ဟု တောင်းဆိုလိုက်ပါသည်။

အင်မိန်းအုပ်စု ဟိုကျန့်ကျေးရွာခံ ဦးအိုက်အောင်နေအိမ်သည် အိမ်ခေါင်မိုး၊ မီးဖိုးချောင်၊ အိမ်နံရံ သော်လည်းကောင်း၊ တာခူန်ဆမ်နေအိမ်သည် အိမ်ခေါင်မိုး (၄၆)ချပ်၊ မီးဖိုချောင်နှင့် တံခါးပေါက်သော်လည်းကောင်း၊ တာကူန်အေးကော်နေအိမ်သည် အိမ်ခေါင်မိုး (၃၂)ချပ်၊ အိမ်နံရံ၊ တံခါးမကြီး၊ ဘီဒို၊ ပြတင်းပေါက် သော်လည်းကောင်း၊ ဦးအိုက်ပေါင်းနေအိမ်သည် သွပ်မိုးသော်လည်းကောင်း၊ မာအေးကုလားနေအိမ်သည် ပြတင်းပေါက်နှင့် အုတ်တံတိုင်း သော်လည်းကောင်း၊ ဦးယန့်ကျားချုံ့နေအိမ်သည် သွပ်မိုးသော်လည်းကောင်း၊ ဦးကျော်ထွန်းနေအိမ်သည် အိမ်ခေါင်မိုးနှင့် အိမ်နံရံသော်လည်းကောင်း အသီးသီးထိခိုက်ပျက်စီးခဲ့ပါသည်။

ဦးအိုက်အောင် မိခင်ဖြစ်သူ ပြောပြချက်အရ “ သူတို့က လက်နက်ကြီးတွေ ပစ်လာတော့ အိမ်တွေ ထိသွားတယ်၊ ကျမတို့ အိမ်က ဘာမှ ရစရာမရှိတော့ဘူးပေါ့နော်၊ အိမ်ခေါင်းမိုတွေ၊ မီးဖိုးချောင်းတွေ အကုန်ထိတယ်၊ အခုဆို မိုးရွာရင် အိမ်မှာ လာနေလို့မရတော့ဘူး၊ ဖြစ်နိုင်ရင်တော့ သူတို့ကို ပြန်လည်ကူပေးစေချင်တယ်ပေါ့” ဟုပြောပါသည်။

နောက်ထပ် နေအိမ်ထိခိုက်သည့် ဦးကျော်ထွန်းပြောပြချက်အရ “ကျနော်တို့မိသားစုက ခိုလှုံဘက်မှာ ပြေးနေကြတယ်၊ ကျနော်ကအိမ်မှာ သူခိုးဝင်မှာစိုးလို့ အိမ်ပြန်ကြည့်တာပေါ့၊ အဲ့နေ့ည အပေါ်ဘက် အိပ်ခန်းထဲမှာရှိတာ၊ သူတို့ (ဗမာစစ်သား)က လေယာဉ်နှင့် လာပစ်သွားတယ်၊ အိမ်ခေါင်းမိုထိသွားတယ်ပေါ့၊ အခုက အလုပ်လဲမရှိတော့ အိမ်ပြန်ပြင်ဖို့ဆို အချိန်တော်တော်ယူရအုံးမယ်၊ ဝင်ငွေမရှိတော့ ခက်ခဲတယ်ပေါ့၊ ဖြစ်နိုင်ရင် ကူပေးစေချင်တယ်” ဟုပြောပါသည်။

ထို့နောက် အရပ်သားနေအိမ်ထိခိုက်ပျက်စီးသည့်အပြင် ရပ်ကွက်(၈) ရှိ တောင်တန်းဘုန်းကြီးကျောင်း နှင့် ဟိုကျန့်ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းကြီးကျောင်းဆောင်၊ သိမ်၊ ဓမ္မာရုံ၊ ရပ်ရွာအများသုံး ရေကန် တို့ပါ ထိခိုက်ပျက်စီးခဲ့ပါသည်။

ထိခိုက်ပျက်စီးမှုခဲ့သည့် ဘုန်းကြီးကျောင်းတိုက်နှစ်ကျောင်းကို ပြန်လည်ပြုပြင်မည်ဆိုပါက ကျပ်သိန်းသောင်းချီ စရိတ်ကုန်ကျနိုင်ပြီး ဟိုကျန့်ကျေးရွာ ဘုန်းကြီးကျောင်းသည်လည်း သိန်းထောင်ချီ ကုန်ကျနိုင်သည်ဟု ဒေသခံများက မှတ်ချက်ပြုကြပါသည်။

Photo – TWO

#နေအိမ်ပျက်စီး #ဘုန်းကြီးကျောင်း #လေယာဉ်ဗုံးကြဲ #ပေါင်၅၀၀ #ကွတ်ခိုင် #ဟိုကျန့်ရွာ #ရပ်ကွက်၂