မြန်မာ့တပ်မတော်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည့် TNLA ဆေးမှူး စစ်သမီး (၆)ဦးအား ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခြင်းအပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်
မြန်မာ့တပ်မတော်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည့် TNLA ဆေးမှူး စစ်သမီး (၆)ဦးအား ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခြင်းအပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်
ထုတ်ပြန်ချက်အမှတ် ( ၃/ ၂၀၁၈)
နေ့စွဲ ။ ။၂၀၁၈-ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့
၁။ (၁၁၊ ၇၊ ၂၀၁၈) ရက်နေ့ နေ့လယ် (၁း၃၀)နာရီဝန်းကျင်တွင် မန်တုံမြို့နယ်၊ ကုန်းညောင်အုပ်စု၊ အွယ်လောကျေးရွာတွင် မြန်မာ့တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွားနေစဉ် TNLA ဆေးမှူး စစ်သမီး ၆ ဦးအား မြန်မာ့တပ်မတော် တပ်မ ၈၈၊ ခမရ ၃၀၁ စစ်ကြောင်းမှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါသည်။ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည့် စစ်သမီး (၆)ဦး၏ အလောင်း(၆)လောင်းကို (၁၄၊ ၇၊ ၂၀၁၈)ရက်နေ့တွင် ရွာခံများက တွေ့ခဲ့ရှိခဲ့သည်ဟု သိရသည့်အတွက် မိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်းနှင့် မြန်မာ့တပ်မတော်၏ လုပ်ရပ်ကိုလည်း ပြင်းထန်စွာ ရှုတ်ချသည်။
၂။ တူးဖော်ရရှိသော အမျိုးသမီးအလောင်းများ၏ ခန္ဓာကိုယ်ပေါ်တွင် လူသားမဆန်စွာ လက်နက်မျိုးစုံဖြင့် နှိပ်စက်ထားသည့် ဒဏ်ရာများနှင့် ခန္ဓာကိုယ်ပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရသည်ကိုလည်း တွေ့ရှိရသည်။ ဤအချက်မှာ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၁၃၂၅)၏ အပိုဒ်(၁၁)ကိုလည်း ချိုးဖောက်သည်။ အပိုဒ်(၁၁)အရ အမျိုးသမီးများနှင့်ကလေးများအား လိင်အခြေပြု အဓမ္မပြုကျင့်မှုအပါအဝင် စစ်ပွဲအတွင်း ပြစ်မှုကျူးလွန်မှုများ၊ လူမဆန်စွာ ကျူးလွန်သည့် ပြစ်မှုများ၊ လူမျိုးသုန်း အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းများအတွက် အပြစ်ပေးအရေးယူရန်ဟု ဖော်ပြထားသည်။
၃။ ထို့အပြင် စစ်ပွဲအတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းသည် ဂျီနီဗာ စာချုပ် အပိုဒ်-(၃)နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ်(၂)အရ ချိုးဖောက်သည့်အပြင် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့သည့် တပ်မတော်သားများ၏ အမူအကျင့်နှင့် ကိုယ်ကျင့်သိက္ခာကို ဖော်ထုတ်ပြသခြင်းသာဖြစ်သည်ဟု မြင်မိပါ သည်။
၄။ ဤလုပ်ရပ်သည် လက်ရှိမြန်မာအစိုးရ အကောင်အထည်ဖော်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ဟန့် တားစေပြီး ယုံကြည်မှုတည်ဆောက်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ခြင်းကိုလည်း ဖျက်ဆီးပစ်ရာ ရောက်သည်ဟု သုံးသပ်မိပါသည်။
၅။ သို့ပါသောကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လျစ်လျူမရှုဘဲ၊ တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးအနက်ထားကာ မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာကို တန်ဖိုးထားသောအားဖြင့် ယခုဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတစွာ၊ စုံစမ်းစစ်ဆေး အပြစ်ပေး၍ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ရန် အစိုးရနှင့် မြန်မာ့တပ်မတော်ကို အလေးအနက်ထားတိုက်တွန်းရင်း မိမိတို့၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။
(၁) တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့
(၂) တအာင်းအမျိုးသမီးအဖွဲ့အစည်း
(၃) တအာင်းဥပဒေအထောက်အကူပြုအဖွဲ့
ဆက်သွယ်ရန်
(၁) ဝ၉- ၄၄၈၅၅၅၂၈၆
(၂) ဝ၉-၂၅၆၁၂၈၅၈၂