ဒေသခံရွာသား ၄-ဦးကို RCSS/SSAတပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွား
ဇူလိုင် ၃၁ ရက်နေ့ ၂၀၁၈ ခုနှစ်တွင် ဒေသခံ ၄ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ အကြောင်းပြချက်တစ်စုံတစ်ရာမျှမပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
နမ္မတူမြို့နယ် ပန်ဆော့အုပ်စု ပန်ကွတ်ရွာသား ၅ ဦးသည် မန်စံဈေးတွင်ဈေးဝယ်ပြီးအပြန် မန်စံနှင့် ပန်ကွတ်ရွာကြား လမ်းဆုံတွင် ဖမ်းဆီးခံရသည်ဟု ၄င်းတို့ထဲမှ မျက်မြင်တစ်ဦးထံမှသိရသည်။
မျက်မြင်တစ်ဦးပြောသည်မှာ “ ဆိုင်ကယ် ၃စီးနဲ့ မန်စံဈေးကို အတူတူသွားကြတယ်၊ အသွားတုန်းက လမ်းမှာ ဘာမှ မတွေ့ခဲ့ဘူး၊ ဈေးက အပြန် လမ်းဆုံရောက်တော့ ယူနီဖောင်းအပြည့်နဲ့ ရှမ်းစစ်သား နှစ်ဦးက သူတို့ကို တားဆီးနေတာ တွေ့လိုက်တယ်” ဟုပြောသည်။
၄င်းရွာသားသည် ဆိုင်ကယ်ဖြင့် ရှေ့ဆုံးမှ မောင်းနှင်ကာ လမ်းဆုံအကျော်တွင် သူ၏သူငယ်ချင်းများ မလိုက်လာသောကြောင့် လှည့်ကြည့်ရာ လက်နက်ကိုင်ထားသည့် စစ်သားများတွေ့သဖြင့် ချက်ချင်းပြန်ပြီး ရွာလူကြီးထံ အကြောင်းကြားလိုက်သည်ဟု သိရသည်။
ဖမ်းဆီးခံရသည့် ရွာသားများ၏ သတင်းကို မကြားရသေးပေ။ ထိုနည်းတူစွာ လွန်ခဲ့သော ၂၀၁၈ မတ်လ ၁၅ရက်နေ့တွင်လည်း မန်စံရွာနှင့် ပန်ကွတ်ရွားကြားလမ်းဆုံမှာပင် ပန်ကွတ်ရွာသား ၅ဦးကို ဖမ်းဆီးခဲ့ပြီး ၄င်းတို့ ၅ဦးလည်း ယနေ့သြဂုတ်လ ၁ရက်နေ့အထိ ပြန်လွတ်လာခြင်းမရှိသေးပေ။
ရွာသားများ၏ပြောပြချက်အရ RCSS/SSAတပ်ဖွဲ့သည် ယနေ့ နံနက်တွင် အုပ်ချုပ်ရေးမှုးထံသို့ ဖုန်းဆက်ကာ ခြိမ်းခြောက်ခဲ့ သည်ကိုလည်း ကြားသိရသည်။
ထို့အပြင် ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း ရွာသား (၂) ဦးဖမ်းဆီးအား ဖမ်းဆီးပြီး TNLA တပ်သားများ ကျေးရွာအတွင်း ရှိ၊ မရှိ စစ်ဆေးမေးမြန်းမှုရှိခဲ့သည်။
ပန်ကွတ်ရွာသားတစ်ဦးမှ “ဖမ်းဆီးထားသည့် ရွာသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ လက်နက်ကိုင် အချင်းချင်းကြားပြဿနာရှိပါက တပ်ဖွဲ့အချင်းချင်းကြားသာ ဖြေရှင်းရန်နှင့် ပြည်သူများအား ဓားစာခံ အဖြစ်မပြုလုပ်ရန်၊ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မကျူးလွန်ရန် မေတ္တာရပ်ခံကြောင်း” ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း