မှိုသွားရှာရင်း ရွာသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိ
စက်တင်ဘာလ ၇ ရက်၊ ၂၀၁၈ခုနှစ်
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၊ ညနေပိုင်း ၅နာရီဝန်းကျင်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိ်ုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးအုပ်စု၊ ကြက်သေ (ကိုက်တန်) ကျေးရွာသားတစ်ဦးသည် လက်ဖက်ခြံအနီးရှိ တောထဲတစ်နေရာတွင် မှိုသွားရှာရင်း RCSS/SSA၏ တပ်စခန်းဟောင်းတွင် မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ကိုအောင်ဆာ(အမည်လွှဲ)မှ “ ကျနောတို့လက်ဖက်ခြံဘေးနားက တောထဲမှာ မှိုသွားရှာတာ အဲဒီနေရာက လွန်ခဲ့တဲ့ သုံးလေးလက ရှမ်းအဖွဲ့တွေ အမြဲတမ်းနေခဲ့တဲ့ နေရာဖြစ်တယ် ဒဏ်ရာတော့ တအားမပြင်းဘူး၊ ဒါပေမဲ့ ဘယ်ဘက်ခြေထောက်တော့ မနေ့ညက ခြေထောက်ဆန့်မိတာ သွေးကျောပေါက်လို့ ထင်တယ် ကိုက်ခဲနေတယ်” ဟု ပြောသည်။
ကိုအောင်ဆာ(အမည်လွှဲ)သည် ခြေထောက်နှစ်ဖက်စလုံးအပြင် ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုင်းထိရှသောဒဏ်ရာများ ရှိနေသည်။ မိုင်းနင်းမိပြီးနောက်ပိုင်းတွင် ဒဏ်ရာ ပြင်းထန်မှု မရှိသောကြောင့် ဆေးရုံ၊ဆေးခန်းတွင် ဆေးကုသမှုမခံယူပဲ လက်ရှိနေထိုင်သော ကိုက်တန်ကျေးရွာတွင်သာ ဆေးကုသလျက်ရှိသည်။
၄င်း၏ အမျိုးသမီးဖြစ်သူမှလည်း “ ဘယ်တပ်ဖွဲ့ပဲဖြစ်ဖြစ် မိုင်းထောင်ထားတယ်ဆိုရင် ထွက်မသွားခင် အဲဒီနေရာတွေကို ပြန်ရှင်းထားစေချင်တယ်၊ မိုင်းတွေရှိနေသေးတယ်ဆိုရင် အခုလိုမျိုး အပြစ်မဲ့တဲ့ ရွာသားတွေပဲ ခံရတယ်၊ အခုဆိုရင် ကျမအလုပ်လည်းမလုပ်ရဘူး၊အိမ်ထောင်(အိုးခွဲစား) ခါစပဲရှိသေးတယ်၊ မိသားစုစားဝတ်နေရေးအဆင်မပြေဘူး ” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ရင်ဖွင့်သည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း