မုဒိန်းပြုကျင့်ခံရသည့် ကျောင်းသူနှစ်ဦး အမှုတိုင်ကြားသော်လည်း အရေးယူပေးမှုမရှိ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်၊ ညနေ ၃း၃၀ ခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းရှိ ကျောင်းသူနှစ်ဦးကို အမျိုးသားနှစ်ဦးမှ မုဒိန်းပြုကျင့်ခဲ့သည့်အပေါ် ဌာနဆိုင်ရာထံ တိုင်ကြားခဲ့သော်လည်း ယနေ့ချိန်ထိ အရေးယူပေးခြင်း မရှိဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးစစ်ရှောင်စခန်းတွင် နေထိုင်သော ကျောင်းသူနှစ်ဦးသည် ဟိုခိုစစ်ရှောင်စခန်း အနီးရှိ နမ့်ယုချောင်းတွင် ရေချိုးနေစဉ် မိုင်းယုလေးရွာနေ အမျိုးသားနှစ်ဦး ဖြစ်သူ စိုင်းလိန်ဆိုင်နှင့်သူငယ်ချင်းတစ်ဦးသည်လည်း ရေချိုးရန် ရောက်လာခဲ့ပြီး ခေါင်းလျှော်ရည် မပါသောကြောင့် ကျောင်းသူနှစ်ဦးထံ တောင်းသုံးခဲ့သည်။

ကျောင်းသူနှစ်ဦး ရေချိုးပြီးနောက် အိမ်ပြန်မည်ပြုရာ ထိုအမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပို့မည်ဟု ပြောခဲ့သော်လည်း မလိုအပ်ကြောင်း ငြင်းဆိုခဲ့သဖြင့် ထိုကောင်လေးနှစ်ဦးမှ ပြန်သွားခဲ့သည်။

သို့ဖြစ်ပါ၍ မည်သူမျှ မရှိတော့သည့်အတွက် စိတ်ချလက်ချ အိမ်ပြန်လာနေစဉ် လမ်းခုလတ်တနေရာ အရောက်တွင် ကောင်လေးနှစ်ဦးမှ အသင့်စောင့်ပြီး ခြုံထဲသို့အတင်းအဓမ္မဆွဲခေါ်သွားခဲ့သည်။ ကျောင်းသူနှစ်ဦးအနက် တစ်ဦးမှ ရုန်းကန်ရင်း လွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦးမှ လွတ်မြောက်မှု မရှိဘဲ မုဒိန်းကျင့်ခံခဲ့ရသည်။

ကျောင်းသူနှစ်ဦးကို ကူညီပေးသူတစ်ဦးမှ “ ကျောင်းသူနှစ်ဦးထဲက တစ်ဦးလွတ်မြောက်လာတယ်၊ ကျန်တဲ့ တစ်ဦးကျတော့ အဲဒီ အမျိုးသားနှစ်ဦး ပေါင်းပြီး မုဒိန်းကျင့်လိုက်တယ် ” ဟုပြောသည်။

လွတ်မြောက်ခဲ့သူ ကျောင်းသူတစ်ဦးမှ ဒုက္ခသည် စခန်းရှိ လူကြီးထံကူညီတောင်းပြီး ပြန်သွားကြည့်ရာ ထိုကောင်လေး နှစ်ဦးမှ ထွက်ပြေးသွားခဲ့သည်။

သို့ဖြစ်ပါ၍ သားမယားပြုကျင့်ခံရသူ ကျောင်းသူအား ဆေးစစ်ရန် ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် သွားရောက်ကူ ညီ တောင်းခဲ့သော်လည်း တာဝန်ကျ ဆရာဝန်မှ မလုပ်ပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့နောက် လားရှိုး ဆေးရုံတွင် ဆေးစစ်ရန် ထပ်မံကူညီတောင်းခဲ့သော်လည်း အချိန်ကြံ့ကြာမှု ရှိခဲ့သည်။

ထို့အပြင် သြဂုတ်လ ၁၃ ရက်နေ့တွင် ကျောင်းသူနှစ်ဦး၏ မိဘများ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ မိုင်းယုလေးကျေးရွာရှိ အုပ်ချုပ်ရေးမှူးထံ အမှုတိုင်ကြားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးမှ ကိုင်တွယ် ဖြေရှင်း ပေးခြင်း မရှိသောကြောင့် သြဂုတ်လ ၁၆ ရက်နေ့တွင် ကျောင်းသူနှစ်ဦး၏ မိဘနှင့်အတူ စခန်းကော်မတီ၊ တအာင်း အမျိုးသမီးအဖွဲ့အစည်း၊ ကွတ်ခိုင် ကချင်အမျိုးသမီးအဖွဲ့၊ ရှမ်းအမျိုးသမီးအဖွဲ့အစည်းနှင့် အမျိုးသမီးလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကွန်ယက် အဖွဲ့တို့မှ ကွတ်ခိုင်ရဲစခန်းတွင် ထပ်မံ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ယနေ့ချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် ထိုကောင်လေးနှစ်ဦးလည်း တရုတ်ပြည်သို့ ထွက်ပြေး တိမ်းရှောင် နေဆဲဖြစ်သည်။

ရဲဌာနမှ ဝရမ်းထုတ်ရန် စီစဉ်နေသော်လည်း တရားခံ၏ ဓာတ်ပုံမရှိသည့်အတွက် မထုတ်နိုင်သေးကြောင်း ထပ်မံ သိရသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း