ပြည်သူ့စစ်မှ ဒေသခံအမျိုးသမီးအား ဖမ်းဆီးချုပ်နှောင်
မန်ပန်ပြည်သူ့စစ်မှ မိုင်းယော်မြို့နယ် ပန်ကြိမ်လုံးကျေးရွာတွင် နေထိုင်သော ဒေါ်အီဆာအား လွန်ခဲ့သည့် ၂ လကျော် ကတည်းက ဖမ်းဆီးပြီး ယနေ့ချိန်ထိ ချုပ်နှောင်ထားသည်ဟု သိရသည်။
လားရှိုးခရိုင် မိုင်းယော်မြို့နယ် တစ်ရွာတည်းနေ ရွာသူကြီးဖြစ်သူ ဦးလျဲင်ပေါင် ဒေါ်အီဆာအား လူကုန်ကူးမှု ပြုလုပ်နေသည်ဟု သံသယဝင်၍ မန်ပန်ပြည်သူ့စစ်ထံ အကြောင်းကြားပြီး လားရှိုးမြို့ မိုင်းယော်ကားဂိတ်တွင် လာရောက်ဖမ်းဆီးခဲ့သည်။
ဒေါ်အီဆာအား ဖမ်းဆီးပြီး လားရှိုးမြို့ စံဝ်စစ်မွန်းအိမ်တွင် (၂) ရက် ချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းပြီးနောက် မန်ပန်ပြည်သူ့စစ် တပ်စခန်းသို့ လွဲပြောင်းခဲ့သည်။
ဖမ်းခံရသူ ဒေါ်အီဆာ၏ ဆွေမျိုးဖြစ်သူ တစ်ဦးမှ “ အစ်မက တရုတ်ပြည်လောက်ကိုင်ဖက်မှာ အိမ်ထောင်ကျတာ လေးနှစ်ရှိပြီ၊ တစ်နှစ် တစ်ခါတော့ အိမ် အလည်ပြန်လာလေ့ရှိတယ်၊ ဒီတခါတော့ တရုတ်နိုင်ငံသားအဖြစ် ခံယူဖို့ ဗီဇာပြန်လာလျှောက်တာ၊ ဖြစ်ချင်တော့ အဲဒီနေ့ လားရှိုးတက်သွားတဲ့ချိန် သူမစီးတဲ့ ကားမှာ အခြား ကလေးမ သုံးယောက်လည်း အတူတူပါသွားတယ်၊ အဲဒီ ကလေးမတွေက နောင်မွန်ရှိ တရုတ်အိမ်မှာ အလုပ်လုပ်ဖို့ သွားတာ၊ အဲဒါကို ဦးလျဲင်ပေါင် လူကုန်ကူးတယ်ဆိုပြီး ပြည်သူ့စစ်ထံ ဖုန်းဆက်ပြီး ဖမ်းခိုင်းလိုက်တယ်” ဟုပြောသည်။
ဒေါ်အီဆာကို လူကုန်ကူးမှုကြောင့် ဖမ်းဆီးထားသော်လည်း သက်သေ အထောက်အထား မရှိကြောင်း သိရသည်။
ဦးလျဲင်ပေါင်သည် တချိန်တုန်းက မန်ပန်ပြည်သူ့စစ် ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ပန်သပြေအုပ်စု ပန်ကြိမ်လုံး ကျေးရွာတွင် အိမ်ထောင်ကျကာ ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်ဟု ထပ်မံသိရသည်။
မှတ်တမ်းနှင့် သုတေသနဌာန