မိုင်းပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

၁၃ရက် ဇူလိုင်လ ၂၀၁၈ခုနှစ်
ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် နမ့်ခေးနှင့် ဇယန်းမြောက် ကားလမ်းမဘေးတွင် မိုင်းပေါက်မှု တခုဖြစ်ပြီး ရွာသား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသည်ဟု သိရသည်။

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့လယ်ရပ်ကွက်နေ အသက် (၁၉) နှစ်ရှိ မိုင်းဇင်လင်းကို နှင့် အသက် (၁၉) နှစ်ရှိ လွေးအီလောင်တို့သည် အခြား သူငယ်ချင်း(၂)ဦးနှင့်အတူ မန်လုံ ကျေးရွာသို့ အလည်သွားနေစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။

နမ့်ဆန်မြို့နယ် ဒေသခံတစ်ဦးပြောပြချက်အရ “ လွေးအီလောဝ်နဲ့ မိုင်းဇင်လင်းကိုတို့က မန်လုံရွာကို အခြား သူငယ်ချင်း (၂) ယောက်နဲ့ အလည်သွားတာ၊ နမ့်ခေးရောက်တော့ ရှေ့ကသွားတဲ့ဆိုင်ကယ်ကဘာမှမဖြစ်ဘူး၊ သူတို့နှစ်ယောက်ကနောက်ကနေလိုက်လာတာ၊ မိုင်းထိမိတော့ ယောကျာ်းလေးက မျက်စိထဲမှာ မိုင်းစဝင်သွားတယ်၊ မိန်းကလေးကတော့ ဘယ်ဘက်လည်းပင် မိ်ုင်းစထိသွားတယ်၊ သူတို့သူငယ်ချင်းနှစ်ယောက်တော့ ဘာမှမဖြစ်ဘူး ”ဟုပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ၄င်းတို့ကို နမ့်ဆန်ဆေးရုံသို့ပို့ဆောင်ပြီး ဒဏ်ရာအလွန်စိုးရိမ်ရသည့် အခြေအနေ ဖြစ်သောကြောင့် သော်လည်းကောင်း ကုသမှုကိရိယာပစ္စည်းမပြည့်စုံသောကြောင့် သော်လည်းကောင်း မန္တလေး ဆေးရုံသို့ နေ့လည်ခင်းတွင် နမ့်ဆန်ဆေးရုံလူနာတင်ကားဖြင့် ပို့ဆောင်ပေးခဲ့သည်။

လွေးအီလောဝ်သည် မန်တုံမြို့နယ်ဘက်တွင် နေထိုင်သူဖြစ်ပြီး နမ့်ဆန်မြို့နယ် ဦးမောင်ထွန်း ထမင်းဆိုင်တွင် အလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်သူလည်းဖြစ်သည်ဟု သိရသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း
မှတ်တမ်းနှင့်သုတေသနဌာန

ဓာတ်ပုံ – Facebook မှ ကူးယူ​ဖော်ပြသည်။