တိုက်ပွဲ ၃ ရက်အတွင်း သေဆုံးသူ ၂၁ ဦးအထိ ရှိလာပြီး ၁၀ ဦးအထက် ဒဏ်ရာရရှိသူများလာနေ
ကျောက်မဲမြို့တွင် တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား ယနေ့အထိ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ (၂၁) ဦး နှင့် ဒဏ်ရာရသူ ၁၀ဦးအထက် ရှိနေကြောင်း သတင်းသိရှိရသည်။
၂၇ ရက်နေ့တစ်ရက်တည်း ထုံးဖိုရပ်ကွက်(၁) အ.ထ.က (၁) စာသင်ကျောင်းရှေ့တွင် အမျိုးသား ၁ ဦး လက်နက်ကြီးထိကာ ခြေထောက်နှစ်ချောင်းကျိုးပြီး အရိုးကြေမွခဲ့ရပါသည်။

အလာတူ ရန်ကင်း (၁) ရပ်ကွက်တွင်လည်း အရပ်သားနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မိသားစုဝင် (၄)ဦးစလုံး သေဆုံးသွားခဲ့ရပါသည်။
ထို့အပြင် နမ့်တုံရပ်ကွက်ရှိ အဖိုးနဲ့အဖွား နှစ်ဦးကိုလဲ လက်နက်ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ-ကျောက်မဲ တာဝန်ရှိသူမှ “ဒီနေ့ဟာတော့ မရှိသေးဘူး၊ မနေ့နဲ့ တနေ့က အလောင်းတွေတော့သိတယ်၊ မနေ့ကတိုက်ပွဲဖြစ်တော့ ကျနော်တို့ထွက်လို့မရဘူး ဒီနေ့မှသယ်ခွင့်တော့ အလောင်းတွေက ပုပ်ပွနေပြီ သယ်ခွင့်ရတာလဲ အချိန်အကန့်အသတ်နဲ့ပါ ရတဲ့အချိန်လေးကို ကောက်ထည့်ကောက်ထည့်လိုက်တာ၊ တစ်ချို့က စစ်သားလဲပါ ပြည်သူလဲပါတယ်“ဟု ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၅ ရက်နေ့တွင် ထုံးဖိုရပ်ကွက်(၈) အရပ်သားနေအိမ်တွင် ဒရုန်းလက်နက်ကြီးကျခဲ့တာကြောင့် ညီအစ်ကိုနှစ်ဦး ထိမှန်ပြီး ညီဖြစ်သူ ကိုမျိုးဝေလင်း(ခ) ကိုအမျိုးဆိုသူက ပွဲချင်းပြီးသေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူ ကိုအောင်ခင်က အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။
၂၅ ရက်နေ့တွင် ထုံးဖိုကွက်(၈)ဘက်တွင်လည်း ကိုမျိုးဝေလင်း၏ အသုဘသွားပြီး ပြန်လာနေသည့်အချိန်တွင် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပေါင်နှစ်ဖက်ထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ထုံးဖိုရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပြသည်။

ထို့အတူ တိလင် (၉) ရပ်ကွက်ရှိ အမျိုးသမီးဖြစ်သူ မစောခင်လဲ ပန်းကန်ဆေးနေသည့်အချိန် လက်နက်ကြီးကျည်စ ဦးခေါင်းထိမှန်ပြီး သေဆုံးသွားခဲ့သည်။
ပြည်ထောင်စုလမ်းမပေါ်ရှိ ပန်ပေါင်းကျေးရွာ အသက်(၁၄) နှစ်အရွယ် နန်းအွမ်ငင်းလည်း လက်နက်ကျည်စထိမှန်ဒဏ်ရာရခဲ့သလို နားအိုက်ခန့်ကျေးရွာ အမျိုးသား ၁ ဦးလဲ ကျည်အစထိမှန်ဒဏ်ရာရခဲ့သည့်အပြင် ၂ မိုင်ကုန်းရပ်ကွက်ဘက်တွင် ဂေါ်ရခါး မိန်းကလေးငယ် ၁ ဦး ဘယ်ဘက်ဒူးခေါင်း လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။
ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက “တောင်နောက်ရပ်ကွက်ဘက်မှာလဲ အလောင်းတစ်လောင်းတွေ့ကြတယ်၊ တစ်ချို့ပြောတာက စစ်သားအလောင်းဖြစ်တယ်၊ တစ်ချို့က သူ့အလောင်းတွေ့တဲ့အချိန် အရပ်ဝတ်ပဲဝတ်ထားတာ အရပ်သားဖြစ်နိုင်တယ်တဲ့၊ အနီးအနားမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေက သူ့ကို ပလတ်စတစ်အိတ်နဲ့ထုတ်ထားတာ နံနေပြီတဲ့၊ မြောင်းထဲမှာသေတဲ့ဟာကျတော့ စစ်သားအလောင်းတွေဖြစ်တယ် ရန်ကင်းဘက်မှာ လက်နက်ကြီးကျတာ မိသားစုတစ်ခုလုံးထိတယ် သမီးလေးပဲလွတ်လာတယ်”ဟု ပြောသည်။
ထိုနေ့တွင် ငြိမ်းချမ်းရေးကုန်းရှိ အောင်မြေသာယာဘုန်းကြီးကျောင်းဆောင်၊ ပင်ပေါလေးရပ်ကွက်(၁) ရှိ ရှမ်းကျောင်းကြီးကို လက်နက်ကြီးထိမှန်လို့ ပျက်စီးခဲ့ပြီး တောင်နောက်၊ ရန်ကင်း၊ ထုံးဖိုရပ်ကွက်တို့တွင် နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သည်။
တောင်နောက်ရပ်ကွက်တွင်လဲ ဆိုင်ကယ်စီးလာသည့် အမျိုးသားကို အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ ၎င်းကိုတားနေရာကနေ ဆိုင်ကယ်မရပ်သဖြင့် ပစ်သတ်ခဲ့သည်ဟု စုံစမ်းသိရှိသော်လည်း အချက်အလက်အတိအကျမသိရရှိသေးပေ။
ဓါတ်ပုံ – နမ့်ခုံးရှမ်းများပရဟိတအသင်း – ကျောက်မဲအသင်းခွဲ
#အမျိုးသမီးနှင့်ကလေး#အရပ်သားသေဆုံး# တိုက်ပွဲ #ကျောက်မဲ