ဂျက်လေယာဉ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်  မိုင်းလုံမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့

မိုင်းလုံမြို့နယ်ခွဲ တောင်နီကျေးရွာအုပ်စု ပိန်းအင်ကျေးရွာတွင် ၂၄ ရက်နေ့ မနေ့ည ၁၁ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦး ထပ်မံထိမှန် သေဆုံးခဲ့ကြောင်း သတင်းသိရှိရသည်။

တောင်နီအုပ်စုထဲမှ ဒေသခံတစ်ဦးက “ပိန်းအင်က ဖြစ်စဉ်ကတော့ တကယ်အမှန်ဖြစ်တယ်၊ ကျနော်တို့အုပ်စုထဲက ရွာပဲ မနေ့ညတုန်းကဗုံးလာချသွားလို့ ဆုံးသွားတယ်၊ အခုလောလောဆယ် ရွာကလူတွေကြောက်ကြလို့ ရွာမှာမနေကြတော့ဘူး၊ ခြံထဲ ထွက်ပြေးကုန်ပြီ”ဟု ပြောသည်။

သေဆုံးသွားသူသည် ပိန်းအင်ကျေးရွာခံမှာ ကလေး(၃)၏မိခင်ဖြစ်သည့် ဒေါ်သန်းရွှေသည် ဗုံးသီး၏ကျည်စက သူမပေါင်ကိုထိမှန်ခဲ့ပြီး ချက်ချင်းကယ်မည့်သူ မရှိတာကြောင့် တစ်နာရီကြာသည်အထိ သွေးထွက်လွန်ခဲ့ပြီး သေဆုံးသွားခဲ့သည်။ ထို့အပြင် အသက် (၅၀) ကျော် ဒေါ်ယာမွန်းကိုလည်း ကျည်စများ အိမ်ခေါင်မိုးထိကာ သွပ်မိုးအောက်ပြုတ်ကြပြီး သူ့၏ မျက်နှာထိမှန်ခဲ့ ဒဏ်ရာရခဲ့သည်ဟု အမည်မဖော်လိုသည့် ပိန်းအင်ရွာခံတစ်ဦးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ထပ်မံပြောပြသည်။

ပြီးခဲ့သည့် ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင်လဲ မိုင်းလုံမြို့နယ်ခွဲ တောင်နီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် နေအိမ် ၂လုံး၊ စာသင်ကျောင်းနှင့် ကျေးရွာဆေးပေးခန်းများ ထိခိုက်ပျက်စီး ခဲ့သည့်အပြင် မိုးကုတ်မြို့နယ်မှ တောင်နီကျေးရွာသို့ ရွှေ့ပြောင်းလာသည် စစ်ရှောင်မိသားစုဝင် အမျိုးသမီးတစ်ဦးကို လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည့်အပြင် တောင်နီကျေးရွာ ဒေသခံ အသက် (၁၂) နှစ်အရွယ် ကလေးငယ် လွေးလင်းကိုလည်း ဦးခေါင်းထိမှန်ဒဏ်ရာကြောင့် ဆေးကုသနေရဆဲ ဖြစ်သည်။

တောင်နီကျေးရွာတာဝန်ရှိသူမှ “သူတို့ကစစ်ဘေးရှောင်လာကြတဲ့သူဖြစ်တယ်၊ ရွာမှာလာနေတာ ရက်ပိုင်းပဲရှိသေး တာ၊ သူ့တိုက ဗမာလူမျိုးတွေဖြစ်တယ်၊ ကောင်မလေးက စာနည်းနည်းတက်တော့ ကျောင်းမှာစာသင်ကူပေးတယ်၊ သူက အိမ်သာထဲသွားတဲ့အချိန် ဗုံးလာကြဲတော့ကို သူ့ကိုထိသွားတယ်၊ အခုက သူတို့မိသားစု အခြားနေရာ ပြန်ပြောင်းသွားပြီ”ဟု ထပ်မံပြောသည်။

ယနေ့ မနက်ပိုင်း ၆ နာရီကျော်ခန့်  ကျောက်မဲမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွား နေပြီး ၅၀၂ တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်လျက်ရှိကြောင်း ကျောက်မဲဒေသခံများခံ ထံ ထပ်မံသတင်းရရှိသည်။

ဓါတ်ပုံ – ဒေသခံပေးပို့

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#အမျိုးသမီး #ကလေး #သေဆုံး #ပိန်အင် #ကျောက်မဲ #လေယာဉ် #ဗုံးကြဲ