သာသနာ ၂၅၀ဝကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော စစ်ရှောင်များ နေရပ်သို့ပြန်

မတ်လ ၂၈၊ ၂၀၁၈ခုနှစ်

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့တွင် လားရှိုးမြို့နယ် သာသနာ ၂၅၀ဝ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်လာကြသော နမ္မတူမြို့နယ် နားဆိုင်းကျေးရွာ၊ လွယ်ပြေကျေးရွာနှင့် လုပ်လေကျေးရွာ ရွာသားများသည် ဒီကနေ့ ၂၈ရက် နေ့လည် ၂နာရီခွဲတွင် နေရပ်သို့ ပြန်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရွာသူတစ်ဦး ပြောပြချက်အရ ” ရွာနားမှာတော့ ရှမ်းစစ်သားနဲ့ဗမာစစ်သားတွေ ဖြတ်သွားဖြတ်လာတော့ ရှိနေသေးတယ်။ ဘာမှတော့ မဖြစ်တော့ဘူးလို့ ပြောတော့ ကျမတို့လည်း အိမ် ပြန်ချင်ပြီ။ အဲ့ဒါကြောင့် ကမ့်တာဝန်ခံကို ကျမတို့ ပြန်မယ်လို့ ခွင့်တောင်းလိုက်တာ”ဟု ပြောသည်။

အဆိုပါ ရွာသားများ၏ တောင်းဆိုချက်အရ ၎င်းတို့ နေရပ်သို့ ကောင်းမွန်စွာ ပြန်နိုင်ရေးအတွက် ကျေးရွာခေါင်းဆောင်များ၊ ကမ့်တာဝန်ခံ၊ TWO၊ TSYU၊ TNP၊ လားရှိုးတအာင်းစာပေနှင့်ယဉ်ကျေးမှု၊ လားရှိုးတအာင်းပရဟိတအဖွဲ့နှင့် လားရှိုးတအာင်းလူငယ်အဖွဲ့တို့မှ မတ်လ ၂၆ရက်နေ့တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ကမ့်တာဝန်ခံ ကိုအောင်မြတ်မှ “သူတို့က ပြန်ချင်တယ်လို့ ပြောလာတော့ ကျနော်တို့လည်း ဒီတိုင်းပဲ ပြန်မလွှတ်ချင်ဘူး။ အခြေအနေငြိမ်မငြိမ်သိရမှ စိတ်ချလက်ချ ပြန်လွှတ်နိုင်မှာ။ ဆိုတော့ သူတို့ရွာသားတစ်ယောက်ကို အရင်လွှတ်ပြီး သွားကြည့်ခိုင်းလိုက်တယ်။ သူ့ဘက်က ပြန်လာလို့ရပြီ ဘာမှမဖြစ်တော့ဘူးလို့ မနေ့က ပြန်ပြောလာတော့မှ ဒီနေ့ သူတို့ပြန်ဖို့ကို စီစဉ်လိုက်တာ”ဟု ပြောသည်။

စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် လားရှိုးမှ ကမ္ဘောဇလူမှုကူညီရေးအသင်းနှင့် ပေးသောလက်စေတနာရှင်၊ သွေးနှင့်လူမှုကူညီရေးအဖွဲ့၊ သံသရာအေးပရဟိတအဖွဲ့တို့မှ ကားဖြင့်အခမဲ့ လိုက်ပါကူညီ ပို့ဆောင်ခဲ့ပြီး အချို့သောရွာသားများမှာ ဆိုင်ကယ်များဖြင့် အသီးသီးပြန်သွားကြသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုဒေသများတွင် တိုက်ပွဲ ငြိမ်ကျသွားပေမယ့် ကျေးရွာအနီးတဝိုက်တွင် စစ်ကြောင်းများ သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်သည့်အတွက် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်သည့် အနေအထားရှိနေကြောင်း သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *