နမ့်ဖတ်ကာတွင် ရက်ရှည်တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေရ၊ အစားအသောက် နဲ့ အခြေ ခံဆေးဝါးများလိုအပ်နေ

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစပြီး ယနေ့အချိန်ထိ ကချင်တပ်မတော်(KIO/KIA) နှင့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ နမ့်ဖတ်ကာအခြေစိုက် ခလရ (၁၂၃) တပ်စခန်းတို့အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူလူထုများသည် လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

အဆိုပါတိုက်ပွဲကြောင့် နမ့်ဖတ်ကာဒေသခံများသည် နီးစပ်ရာနေရာ နှင့် တောင်ယာ ကြံခင်းတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရခဲ့ရခြင်းကြောင့် အစားအသောက်နှင့် အခြေခံဆေးဝါးများ၊ ကလေးမိခင်များအတွက် အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိနေပါသည်။

နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ” ကျမတို့က ပြီးခဲ့တဲ့ ၂၉ ရက်ကတည်းက ဒီမှာ ရောက်နေတယ်၊ တချို့သူတွေက တော၊ တောင်ယာ၊ ခြံမှာပဲ ပုန်းနေကြတယ်၊ ဒီမှာ ရောက်နေတဲ့သူတွေက လသားကလေးတွေ၊ ကလေးအမေ အမျိုးသမီးတွေ သက်ကြီးပိုင်းတွေ အများဆုံးပါတယ်၊ တချို့သူတွေက နေမကောင်းဖြစ်ကြတယ်၊ လောလောဆယ် အဓိကလိုအပ်တာ အစားအသောက်တွေ ဆေးတွေပေါ့၊ တချို့ကလေးအမေတွေက သူတို့ ကလေးတွေကို နို့တိုက်ဖို့ နို့မှုန့်တွေလိုအပ်တယ် ” လို့ ဆိုပါသည်။

လက်ရှိအချိန်ထိ နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအုပ်စု နှင့် ဖဒဲန်ကျေးရွာအုပ်စုမှာ တိုက်ပွဲရှောင်နေကြသည့် ပြည်သူများဟာ လူဦးရေ (၈၀) နီးပါးရှိပြီး စားဝတ်နေရေး အခက်အခဲကြောင့် နီးစပ်ရာနေရာတွင် နေ့စားအလုပ်များ ရှာဖွေလုပ်ကိုင်နေကြသည့် စစ်ရှောင်များလည်း ရှိကြသည်။

စစ်ရှောင်ပြည်သူတစ်ဦးက ” ကျမတို့နမ့်ဖတ်ကာမှာဆို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ပြေးလိုက် ပြန်လာလိုက်နဲ့ ဘာအလုပ်မှလည်း မလုပ်ရဘူး၊ တိုက်ပွဲ မဖြစ်လည်း လက်နက်ကြီးတွေ ပစ်နေတယ်၊ လူလည်း ခဏခဏထိနေတယ်၊ အခုလည်း တိုက်ပွဲကအရမ်းကြာတယ်၊ သူများဆီမှာမှီခိုပြီး နေနေရတော့ အားနာစရာတွေ ဖြစ်တယ် ဖြစ်နိုင်ရင် တိုက်ပွဲပြီးစေချင်တယ် ” သည်ဟု ပြောပါသည်။

နမ့်ဖက်ကာ မှာ အကြမ်းဖက်စစ်ကောင်စီ နှင့် ကချင်တပ်မတော်(KIO/KIA) တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း ဒေသခံ (၅) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ စာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းများကို ထိခိုက်မှုများလည်း ရှိနေသည်။

#နမ့်ဖတ်ကာ #စစ်ရှောင်#အစားအသောက်#တိမ်းရှောင်#တိုက်ပွဲ