စစ်ဘေးရှောင်လာကြသော ငေါ့ငါးရွာသားများ နေရပ်သို့ပြန်

ဖေဖော်ဝါရီ၊ ၁၆ရက်၊ ၂၀၁၈ ခုနှစ်

သတင်းမှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ရက်နေ့တွင် မိုင်းယုလေးကျေးရွာနှင့် နမ့်ဖက်ကာစစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြသော ငေါ့ငါးကျေးရွာသားသည် ရပ်ရွာအခြေအနေတည်ငြိမ်နေပြီဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ၁၃ရက် နေ့တွင် စတင်၍ နေရပ်သို့ ပြန်ပြီ ဖြစ်ကြောင်း သိရသည်။

ငေါ့ငါးကျေးရွာ အတွင်းရေးမှူးမှ “ ရွာကို ဒီတိုင်းအကြာကြီး ပစ်ထားရင် ရွာဟောင်းဖြစ်သွားမှာစိုးတာနဲ့ ကျေးရွာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ပြန်လာကြတယ်၊ ပြန်တဲ့ရက်က အကုန်လုံး တပြိုင်တည်းမပြန်ရဲကြဘူး၊ တစ်ရက်နဲနဲဆီ ပြန်လာပြီး အခြေအနေကြည့်ကြတယ်၊ ရွာသားတွေစုပြီး ရွာတွင်း/ရွာပြင် လိုက်လံရှာဖွေ စစ်ဆေးမှုတွေ လုပ်ကြတယ်၊ လောလောဆယ်တော့ အခြေနေငြိမ်နေပြီလို့ပြောရမယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၅ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်မှ လက်နက်ကြီးအပါအဝင် လေယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင် ထိခိုက်မှုရှိခဲ့ပြီး အိမ်ဆိုင်ရှိ ပစ္စည်းများကိုလည်း ဖောက်ထွင်းယူဆောင်သွားသည်ဟု သိရသည်။

“အစတုန်းက ဇရပ်လှေကားပဲ လက်နက်ကြီးထိတယ်လို့ ထင်ခဲ့တာ၊ ရွာတွေကို ပြန်လှည့်ပတ်ကြည့်တဲ့အခါမှာ နေအိမ် ၈အိမ်ဝန်းကျင်ရော စာသင်ကျောင်းပါ ပျက်စီးနေတယ်၊ ဒါတင်မကဘူး၊ ဆိုင်ရောင်းတဲ့အိမ်တွေလည်း ဘာပစ္စည်းမှ မကျန်တော့ဘူး၊ အကုန်ဖောက်ယူသွားတယ်” ဟု ၄င်းက ဆက်ပြောသည်။

ပျက်စီး ပျောက်ဆုံးသွားသည့် ပစ္စည်းစာရင်းအသေးစိတ်ကို ပြုစုနေဆဲဖြစ်သည့်အတွက် ပစ္စည်းဆုံးရှုံးမှု၏ စုစုပေါင်း တန်ဖိုးများကို မသိရသေးပါ။

မိုင်းယုကျေးရွာနှင့် နမ့်ဖက်ကာစစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသော ငေါ့ငါးရွာသားဦးရေ စုစုပေါင်း ၇၂၇ ဦး ရှိသည့်အနက် ၆၇၆ ဦးမှာ နေရပ်သို့ ပြန်ပြီဖြစ်သော်လည်း မိုင်းယုလေးစစ်ရှောင်စခန်းတွင် ရွာသား ၃၉ ဦး နှင့် နမ့်ဖက်ကာ စစ်ရှောင်စခန်းတွင် ၁၂ ဦး စုစုပေါင်း ၅၁ ဦးကျန်ရှိနေသေးကြောင်းသိရသည်။ အဆိုပါ ရွာသားများသည် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်သယ်များ ဖြစ်ကြသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *