ကျောက်မဲမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များ အခြေအနေ

ဇန်နဝါရီလ ၅ရက်၊၂၀၁၈ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၇ ခုနှစ်မှ စ၍ မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတို့ နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးအုပ်စု ကျောက်ဖြူလေးကျေးရွာ အနီးတဝိုက်တွင် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်မှ စစ်ကြောင်းများစွာ တိုးချဲ့လာခြင်းကြောင့် ရွာသူ ရွာသားများသည် ကျေးရွာတွင် မနေရဲကြတော့ဘဲ ကျောက်မဲမြို့သို့ ထွက်ပြေးခိုလုံလာကြသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်လာသောကျေးရွာ ပေါင်း (၄) ရွာရှိပြီး စုစုပေါင်း လူဦးရေ (၁) ထောင်ကျော်ရှိသည့်အနက် အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်သည်။ ရွာလုံးကျွတ်ထွက်ပြေးသည့် ရွာများမှာကျောက်ဖြူလေးရွာ၊ ကိုက်တန်(ကြက်သေရွာ)၊ ဟင်းကြိုင်ရွာနှင့် အာပြောင်ကျေးရွာတို့ ဖြစ်သည်။

ကျေးရွာဥက္ကဌပြောပြသည်မှာ “ အခုလောလောဆယ် ရွာမှာတော့ စစ်ပွဲမဖြစ်တော့ဘူး၊ ဒါပေမဲ့ စစ်ကြောင်းတွေ များစွာ တိုးချဲ့လာတဲ့အတွက် ရွာမှာ မနေရဲတော့ဘဲ ထွက်ပြေးလာကြတယ်” ဟုတအာင်းအမျိုးသမီး အဖွဲ့အစည်းထံ ပြောသည်။

တိမ်းရှောင်သည့် သူများထဲမှ ကျောင်းတက်အရွယ်ကလေးများစွာ ပါဝင်ပြီး ဝါဆိုကျောင်းရှိ ကျောင်သူ-သား များမှ အမှတ်(၁) မူလတန်းကျောင်းတွင် တက်ရောက်ပြီး ကျန်သည့် အောင်မင်္ဂလာကျောင်း၊ ဓမ္မာရုံကျောင်းရှိ ကျောင်းသူ-သားများအတွက် ကျောက်မဲ ဒေသဦးစီးမှ ကျောင်းဆရာ-မ ခေါ်ယူပြီး သင်ကြားပေးသွားမည်ဟု သိရသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်နှင့် စောင်များ ကူညီပေးခဲ့သော်လည်း ကလေးအနွေးထည်နှင့် ဖိနပ်လိုအပ်နေသေး ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့်စစ်ဘေးရှောင်များသည် မိမိကျေးရွာသို့ ပြန်ချင်သော်လည်း အခြေအနေအရ ပြန်နိုင်မည့်အချိန် မသိရသေးပေ။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *