မြန်မာ့တပ်မတော် ခလရ(၁၄၈)တပ်ဖွဲ့ဝင်တစ်ဦးမှ မွေးရာပါစိတ်မနှံ့သူအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့

ဖေဖော်ဝါရီလ ၁ရက်၊၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဇန်နဝါရီလ (၇)ရက်နေ့ မြန်မာ့တပ်မတော်ခလရ(၁၄၈)တပ်ဖွဲ့မှ တပ်သားတစ်ဦးသည် ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ခွဲ၊ပန်ထန်ကျေးရွာနေ လွေးအေ(အမည်လွှဲ)အား နေ့လည်၁၂း၃၀ အချိန် အိမ်ထဲတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု သတင်းရရှိသည်။

လွေးအေ၏ အစ်ကိုဖြစ်သူ ကို—-ပြောပြချက်အရ အခင်းစဖြစ်ချိန် အိမ်နီးချင်းတစ်ဦးမှ တပ်သားတစ်ဦးအိမ်ထဲသို့ဝင်သွားသည်ကိုတွေ့သဖြင့် ချက်ချင်းလာခေါ်၍ ချက်ချင်းလိုက်သွားသော်လည်း အိမ်ထဲသို့ရောက်သည့် အချိန်တွင် တပ်သားတစ်ဦးမှ ညီမဖြစ်သူအားအဓမ္မပြုကျင့်နေသည်ကို တွေ့သဖြင့် ဘာကြောင့် ကျွန်တော့်ညီမကို အဲ့လိုလုပ်တာလဲဟု အော်ရာ ၄င်းတပ်သားမှ သေနတ်မောင်းတင်ပြီး ချိန်သောကြောင့် ထပ်မံပြောဆိုမှု မရှိတော့ပါဟု ပြန်လည်ပြောပြသည်။

ကို——သည် ရွာထိပ်စေတီကုန်းတွင် ကင်းစောင့်နေသောတပ်ဖွဲ့ထံသွားကာ ၄င်းတို့တပ်သားတစ်ဦးမှ ညီမဖြစ်သူအားအဓမ္မပြုကျင့်သည့် အကြောင်းလာရောက်တိုင်ကြားသည်ဟုပြောသဖြင့် ဗိုလ်ကြီးဖြစ်သူမှ အဖွဲ့အစည်းနာမည်ပျက်အောင်လုပ်သည့်အတွက် ၄င်းတပ်သားအား အပြစ်ပေးသည့်အနေဖြင့် ပါး(၁၀)ချက်ရိုက်ခဲ့သည်ဟု သိခဲ့ရသည်။

နစ်နာကြေးကို အစ်ကိုဖြစ်သူမှ ကျပ် (၃) သိန်း တောင်းခဲ့သော်လည်း ဗိုလ်ကြီးဖြစ်သူက ကျပ်(၂) သိန်းသာ လျော်ကြေးပေးခဲ့သည်။

ဗိုလ်ကြီးမှ “အခုကိစ္စက ဖြစ်သွားခဲ့ပြီ ကျနော်ဘက်ကလည်း ဘာမှမတက်နိုင်တော့ဘူး နောက်နောင် ထပ်မံမဖြစ်စေရဘူး။ ဒီပြဿနာကို ဒီလောက်နဲ့ပဲ ပြီးစေချင်တယ် ထပ်မံပြီးတော့လည်းအမှုမဖွင့်စေချင်ဘူး” ဟု ပြောခဲ့သည်။

မြန်မာ့တပ်မတော်ခလရ(၁၄၈)တပ်ဖွဲ့သည်အဓမ္မကျင့်သည့်ပြဿနာဖြစ်ပြီးနောက်ပိုင်း (၃)ရက်အကြာတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ မြန်မာ့တပ်မတော် ခလရ(၁၄၈)တပ်ဖွဲ့သည် ပန်ထန်ရွာအနီးတဝိုက်တွင် အမြဲတမ်း သွားလာလှုပ်ရှားသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *