မြန်မာ့တပ်မတော်မှ တအာင်း (ပလောင်) အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်ရန် နှောင့်ယှက် စော်ကားခဲ့သည့်အပေါ် မိမိတို့တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြန်မာ့တပ်မတော် ဗိုလ်မှုး သန့်ဇင်ကျော် ဦးဆောင်သည့် ခမရ ၃၆၄ တပ်သားများသည် လားရှိုးခရိုင်၊ မိုင်းယော်မြို့နယ်၊ ပန်ဝို့လျံ ကျေးရွာနေ တအာင်း တိုင်းရင်းသားဖြစ်သော အိမ်ထောင်သည် အမျိုးသမီး (၄) ဦးကို အဓမ္မပြုကျင့်ရန် နှောင့်ယှက်စော်ကား ခဲ့ကြောင်း သိရပါသည်။

အဓမ္မပြုကျင့်ရန် နှောင့်ယှက်စော်ကားခံရသည့် အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်သွားရောက်စုံစမ်းမေးမြန်းသူက “အဲ့ဒီအမျိုးသမီး (၄)ဦးက တစ်အိမ်တည်းနေတာတော့မဟုတ်ဘူး။ ၂ ဦးက ညီအစ်မဖြစ်တယ်။ နောက် (၂) ဦးက တစ်အိမ်စီမှာဖြစ်သွားခဲ့တာဖြစ်တယ်။ မြန်မာစစ်သားတွေကအပြင်မှာစောင့်တဲ့သူရှိသလို အိမ်ပေါ်တက်လာသူတွေက အမျိုးသမီးတွေကို အိပ်ခန်းထဲဝင်ခိုင်းတယ်။ စောင်ယူခိုင်းတယ်။ အဝတ်အစားတွေ ဆွဲချွတ်တယ် စတဲ့ အဓမ္မပြုကျင့်ဖို့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြောင်း”ပြောပါသည်။

မျက်မြင်သက်သေတစ်ဦးက“ ဖြစ်သွားတဲ့အချိန်က ကျနော်တို့ အပေါ်အိမ်မှာရှိတယ်။ စစ်သားတွေ အဲ့ဒီအိမ်မှာ ဝင်သွားတာ လှမ်းမြင်ရပေမဲ့ ဘယ်သူမှ ဘာမှမလုပ်ရဲကြဘူး။ ကျနော်တို့ထဲက လူတချို့ သွားပြောမယ်၊ တားမယ်ဆိုတဲ့ ဆန္ဒရှိကြပေမယ့်လည်း မသွားရဲကြဘူး။ စစ်သားတွေကို ကြောက်ကြတယ်” ဟုပြောပါသည်။

ထို့အပြင် အခင်းဖြစ်ပွားစဉ် ရုန်းကန်ထွက်ပြေးလွတ်မြောက်သည့် အမျိုးသမီးတစ်ဦးအား အပေါ်အိမ်တွင် မျက်မြင်သက်သေတို့နှင့် အတူရှိနေသော သူမ၏ ခင်ပွန်းကို “ မြန်မာစစ်သားတွေက ကျမကို စော်ကားဖို့ ကြိုးစားနေတယ်လို့” ဒေါသတကြီးနှင့် အော်ပြောသည်ဟု မျက်မြင်သူက ဆက်ပြောပါသည်။

(၂၄)ရက်နေ့ အခင်းဖြစ်ပွားပြီးနောက် ကာယကံရှင် (၂) ဦးသည် ကြောက်လန့်၍ မိုင်းယော် မြို့ပေါ် တိမ်းရှောင်နေပြီး ကျန် (၂)ဦးသည် လုံခြုံသည့်နေရာရှာ၍ တိမ်းရှောင်နေရသည်။ (၂၆) ရက် နိုဝင်ဘာလတွင် မြန်မာ့တပ်မတော် စစ်ကြောင်းမှ ဤအကြောင်းအရာကို မေးမြန်းသော်လည်း ရပ်ရွာတာဝန်ရှိသူများက ၄င်းမြန်မာ့တပ်သားတို့၏ ပြန်လည် ရန်ပြုမှုကို ကြောက်ရွံ့သောကြောင့် ၄င်းကိစ္စကို မပြောဝံ့ဘဲ ပြဿနာမရှိပါဟု ဖြေဆိုကြောင်း သိရသည်။

ဗဟုသုတနည်းပါး၍ ဆယ်စုနှစ်များစွာ အကြောက်တရားနှင့် ဖိနှိပ်ခံဘဝမှ ဖြတ်သန်းနေရသော ၄င်းဒေသခံ အမျိုးသမီးများသည် အရှက်တရားကြောင့်ဖြစ်စေ၊ အကြောက်တရားကြောင့်ဖြစ်စေ ကျူးလွန်ခံရကြောင်းကို ထုတ်ဖော်မပြောဆိုဘဲ ဖုံးကွယ်ထားမည်ကို စိုးရိမ်ရပါသည်။ သို့ဖြစ်ပါ၍ ဤတရားမျှတမှုကို မိမိတို့အနေဖြင့် အဆုံးထိ ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။

ဆက်သွယ်ရန်
မိုင်းစိုင်းရံက် ဝ၉-၄၄၈၅၅၅၂၈၆
လွေးပို;ကမေဲ;ခြိူဝ်း ဝ၉ – ၂၅၆၁၂၈၅၈၂

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *