တိုက်ပွဲဖြစ်ပွားပြီးနောက် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ရွာသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဆေးကုသမှုခံယူနေရ

၇ ရက်နေ့ ဇန်နဝါရီလ ၂၀၂၃ ခုနှစ် နေ့လယ် (၂) နာရီအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဟူးမန်ကျေးရွာတွင် နေထိုင်သော ကိုမောင်အေးနှင့် ကိုကျော်ဆာသည် ထင်းသယ်ရန် သွားနေစဉ် လမ်းခုလတ်တနေရာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိပြီး ဟူးမန်ကျေးရွာ ဆေးပေးခန်းတွင် ဆေးကုသနေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း ကွင်းဆင်းကောက်ခံချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ကိုမောင်အေးနှင့် သူငယ်ချင်း (၃)ဦးသည် လက်ဖက်ခြံတွင် ထင်းသယ်ရန် သွားနေတဲ့အချိန်မှာ ဤနေရာကို ရွာသားတစ်ဦးက မီးရှို့လိုက်တဲ့အတွက်ကြောင့် တိုက်ပွဲအတွင်း ကျန်ရှိနေသည့် မြေမြှုပ်မိုင်းက ပေါက်ကွဲသွားပြီး ၎င်းတို့ကို ထိခိုက်သွားခြင်းဖြစ်ပါသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ကိုမောင်အေးညာဘက် ဝမ်းဗိုက်တွင်သော်လည်းကောင်း၊ မောင်ကျော်ဆာသည် ဘယ်ဘက်ခြေထောက်တွင်သော်လည်းကောင်း ဒဏ်ရာအသီးသီး ရရှိပါသည်။

ကိုမောင်အေးပြောပြချက်အရ “ကျနော်နဲ့ ကျနော်သူငယ်ချင်းက ထင်သွားသယ်မလို့၊ အဲ့မှာရောက်တော့ ဘယ်သူလဲမသိဘူး မီးရှို့လိုက်တော့ ပေါက်သွားတယ်၊ ကျနော်ဝမ်းဗိုက်ထိတယ်၊ ကျနော်တို့ (၄) ယောက်သွားတယ်၊ (၃)ယောက် ထိသွားတယ်၊ တစ်ယောက်က ဒဏ်ရာအဲ့လောက်မပြင်းဘူး၊ ကျနော်တို့ နှစ်ယောက်ပဲ ဆေးကုခံရတယ်၊ ကျနော်တို့ နှစ်ယောက်က ဖြစ်ပြီး ပြီးချင်းမှာ ဗမာစစ်သားတွေ ပြန်လာတယ်လို့ ထင်နေတာ ဒဏ်ရာကြီးနဲ့ ထွက်ပြေးတယ်၊ ပြီးတော့ ကျန်တဲ့ သူငယ်ချင်းနှစ်ယောက်က ဆရာဝန်ကို သွားခေါ်ပြီးမှ ဆရာဝန်တွေရောက်လာပြီး ဆေးထည့်ပေးတယ်၊ အလုပ်လုပ်လို့ မရသေးဘူး” ပြောပါသည်။

ထိုနေရာသည် ဗမာစစ်တပ်တွေ နေခဲ့တဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ၎င်းမြေမြှုပ်မိုင်းဟာ ဗမာစစ်တပ် လက်နက်ဖြစ်နိုင်တယ်လို့ ရွာခံများမှ မှတ်ချက်ပြုကြပါသည်။ မပေါက်ကွဲရသေးတဲ့ လက်နက်များကို ရွာသားနှင့် တအာင်းတပ်မတော်တို့က အတူတကွ ပူးပေါင်းပြီး ရှင်းလင်းနေသည်ဟု သိရပါသည်။

ဟူမန်ကျေးရွာဥက္ကဌဖြစ်သူ ဦးရွှေခမ်းပြောပြချက်အရ “ မပေါက်သေးတဲ့ လက်နက်တွေ အများကြီးပဲ၊ အခု ကျနော်တို့က လိုက်လံရှင်းလင်းနေတယ်၊ တစ်နေရာတည်းမှာ စုထားတယ်ပေါ့နော်၊ ရွာဘေးမှာ အများကြီးပဲ၊ အဲ့ဒါကြောင့် ရွာသားတွေကို လက်ဖက်ခြံတွေ မသွားခိုင်းသေးဘူး၊ အခုလက်နက်ပေါက်တဲ့နေရာလဲ မထင်မှတ်တဲ့ နေရာဖြစ်တယ်ပေါ့နော်၊ နောက်နောင် တိုက်ပွဲဖြစ်ရင်လဲ လူထုတွေကို မထိခိုက်အောင် ရှောင်စေချင်” ဟု ပြောပါသည်။