မိုးကုတ်မြို့နယ်အတွင်း တအာင်းတပ်မတော်နှင့် စကစတို့ နှစ်ပတ်အကြာတိုက်ပွဲဖြစ်ပွားပြီး ကလေးငယ် တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အောက်ညောင်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား နှစ်ပတ်ကျော်ကြာ တိုက်ပွဲထိတွေ့မှု ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက နောင်ချိုမြို့နယ်အတွင်း ဟိုခိုကျေးရွာ နှင့် ခေးနင်းကျေးရွာဘက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေစတင်ခဲ့ရာ ယနေ့ချိန်အထိ မိုးကုတ်မြို့နယ်အတွင်းထိ တိုက်ပွဲကူးစက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာ နှစ်ဖက်တိုက်ခိုက်မှု မရှိတော့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက မိုးကုတ်မြို့ တပ်မဟာကုန်းကနေ ဒရုန်းအသုံးပြုကာ လက်နက်ကြီးပစ်ခတ်လာတာကြောင့် ညောင်ကုန်းကျေးရွာခံ ကိုအောင်ဝင်း နှင့် သားဖြစ်သူက လက်နက်ကြီး ထိခိုက်ကာ သားဖြစ်သူက အသက်သေဆုံးသွားခဲ့ပါတယ်။

ညောင်ကုန်းတာဝန်ရှိသူ တစ်ဦးပြောပြတာက ” တိုက်ပွဲဖြစ်ကတည်းက မြို့ထဲမှာ စစ်ရှောင်တဲ့အိမ်ထောင်စုတွေလဲ ရှိတယ်၊ ဒီနှစ်ရက်ထဲမှာ တိုက်ပွဲနည်းနည်းငြိမ်လာတယ်၊ တစ်ချို့ကတော့ မပြေးဘူး၊ မြို့တွင်းကနေ လက်နက်ကြီးချလာလို့ ထိခိုက်တာတွေရှိတယ် ရွာထဲက သားအဖနှစ်ယောက်ထိထားတယ် သူ့သားကဆုံးသွားပြီ ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တစ်အိမ် နှင့် ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းအပါအဝင် ထိခိုက်ပျက်ဆီးခဲ့ပါတယ်လို့ ထပ်မံသိရပါတယ်။

စစ်မြေပြင်အတွင်းမှာ ရှိနေတဲ့ ဒေသခံတစ်ဦးက “စကစဘက်က TNLA ရှိတဲ့ ကုန်းဘက်ကို အရင်ထိုးစစ်ဆင်လာတာဖြစ်တယ် အဲ့ကနေအပြန်အလှန်ပစ်ရင်းနဲ့ သူတို့ဘက်က ဂျက်လေယဉ်သုံးပြီး လာပစ်တယ် ဒီရက်ပိုင်းက ကျနောတို့ဘက်က ပစ်တာမရှိတော့ဘူး မြို့တွင်းတပ်မဟာကုန်းကနေ တစ်ဖက်ထဲ ပစ်လာတာ လက်နက်ကြီးတွေက ရွာထဲကျလာတာ” လို့ ပြောပြပါတယ်။

နှစ်ပတ်အကြာ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ် တစ်အိမ် ထိခိုက်ပျက်ဆီးခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ၆ ကြိမ်အထိ နှစ်ဖက်တပ်ဖွဲ့အကြား ထိတွေ့မှု ရှိခဲ့တယ် ၎င်းကဆက်ပြောပါတယ်။