နမ့်ဆန်၊ မြို့သစ်တွင် အကြမ်းဖက်စစ်တပ်မှ ဒုတိယအကြိမ် ထပ်မံဗုံးကြဲခြင်းကြောင့် ပြည်သူ ၅ ဦး ထပ်မံသေဆုံး

ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်တွင် တအာင်းဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိဖြင့် လေယာဉ်အသုံးပြုကာ ပေါင် ၅၀၀ ဖြင့် ထပ်မံဗုံးကြဲခြင်းကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးသွားခဲ့သည်ဟု ကနဦးအရ သတင်းသိရှိရပါသည်။

နမ့်ဆန်ဒေသခံတစ်ဦးက ” အခုလောလောဆယ်အဲ့ဘက်မှာ လိုင်းဖြတ်ထားတယ်၊ ဒီဘက်ရွာကနေ အသံအကျယ်ကြီးပဲ ကြားရတာ၊ ရွာထဲဗုံးချတာ အိမ်တွေထိတယ် လူတွေရောထိတယ်တဲ့ ” လို့ ပြောပါသည်။

လေယာဉ်ဗုံးကြဲခြင်းကြောင့် တအာင်းအမျိုးသားပညာရေးကော်မတီ(TNEC) ကျောင်းဆရာ နှင့် ၎င်း၏ သားဖြစ်သူ ၁ ဦးလဲ ထိခိုက်သေဆုံးသွားခဲ့သည်။ ထို့အပြင် မြို့သစ်ရွာခံ အမျိုးသမီး (၃) ဦးလည်း ထိခိုက်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါ လေယာဉ်ဗုံးကြဲခြင်းကြောင့် ကျေးရွာသားများသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြပြီး အရပ်သားနေအိမ်လည်း အများအပြား ထိခိုက်ပျက်စီးမှုရှိသလို ပျက်စီးခဲ့သည့် အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရှိသူများ၏ စာရင်းအသေးစိတ်ကို Ta’ang Women’s Organization မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကာ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ် ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ရပါသည်။

Photo – Local

#ပေါင်၅၀၀ဗုံးကြဲမှု

#အကြမ်းဖက်စစ်တပ်

#လူထုသေဆုံး

#မြို့သစ်ကျေးရွာ

#နမ့်ဆန်မြို့