ကျေးရွာနှစ်ရွာ နယ်နမိတ်ကြား အဆင်မပြေမှုကိစ္စဖြင့် KIA တပ်ဖွဲ့မှ အထက်မန်လွယ်ရွာသား (၆) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား

ဇန်နဝါရီ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက် မန်လွယ်ကျေးရွာနှင့် ဟိုပတ်ကျေးရွာကြား ရှိသည့် နယ်နမိတ်အနီးတွင် ထင်းခုတ်နေသည့် အထက်မန်လွယ်ရွာသား (၆) ဦးကို KIA မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။

အထက်မန်လွယ်ကျေးရွာနှင့် ဟိုပတ်ကျေးရွာကြားရှိ နယ်နမိတ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စ၍ ကျေးရွာအချင်းချင်းကြား အငြင်းပွားမှု ရှိခဲ့သည်။ သို့သော် ကျေးရွာ အချင်းချင်းကြား အမှန်တကယ် အငြင်းပွားမှုရှိသော်လည်း လက်နက်ကိုင်တစ်ခုမှ ရွာသားများကို ဝင်ရောက်ဖမ်းဆီးခြင်းမျိုး မပြုလုပ်သင့်ဘဲ ကျေးရွာ နှစ်ခုကြားတွင်သာ အချင်းချင်းညှိနှိုင်းဖြေရှင်းသင့်သည်ဟု ဒေသခံများမှ ပြောသည်။

“အခုလို ရွာသားများကို လာဖမ်းတာ မကြိုက်ဘူး၊ ပြဿနာရှိရင် ငြိမ်းချမ်းသော နည်းလမ်းအသုံးပြုပြီး ဆွေးနွေးစေချင်တယ်၊ ဒီလိုလာဖမ်းတာ မဖြစ်သင့်ဘူး၊ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ်ဒီလိုလာလုပ်ရင် ကန့်ကွက် တယ်” ဟု ကျေးရွာဥက္ကဌ ဦးသိန်းထီးမှ ပြောသည်။

ဖမ်းဆီးခံရသည့် ရွာသား (၆) ဦးတို့မှာ မိုင်းအိုက်မောင်၊ မိုင်းအိုက်မုန်း၊ မိုင်းသိန်းထွေး၊ မိုင်းမောင်အေး၊ မိုင်းအိုက်လောတ်နှင့် မိုင်းအောင်ကျော်တို့ဖြစ်ပြီး တစ်ဦးသည် အခြားနည်းဖြင့် သန်းစွမ်းသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။

KIA မှ ရွာသား (၆) ဦးကို မန်တုံမြို့နယ်ဘက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ၎င်းရွာသားများ ပြန်လည် လွတ်မြောက်လာစေရန် ဇန်နဝါရီ (၁၂) ရက်နေ့တွင် အထက်မန်လွယ်နေ ဒေသခံများမှ လူအင်အား (၃၀၀) ခန့်ဖြင့် မန်တုံမြို့ထဲသို့ ဦးတည်၍ ဆန္ဒပြမှု တစ်ခု ပြုလုပ်သော်လည်း Covid 19 ထိန်းချုပ်ရေး ဂိတ်အထိသာ ရောက်ရှိပြီး ပြန်လည်လှည့်ပြန်ခဲ့ကြောင်းသိရသည်။

“ခေါ်သွားခံရတဲ့ ရွာသားတွေနဲ့ ပတ်သက်ပြီး မန်တုံဘက်မှာ လာတွေ့ခိုင်းတယ်၊ အဲဒါကြောင့် ရွာသားတွေကို တခါတည်းခေါ်လာလို့ရအောင်ဆိုပြီး ဒေသခံတွေ မန်တုံဘက်ကို ဦးတည်ပြီး ဆန္ဒပြသွားကြ ပေမဲ့ ခုထိမလွှတ်ပေးသေးဘူး” ဟုဒေသခံတစ်ဦးမှ ပြောသည်။

၎င်းဖမ်းဆီးခံရသည့် ရွာသား (၆) ဦးသည် ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရသေးကြောင်း ကျေးရွာဥက္ကဌမှ ဆက်လက်ပြောသည်။

ထို့အပြင် နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာနှင့် ဟိုပတ်ကျေးရွာသည် ရွာနီးနားချင်း ဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်မှ စ၍ တစ်ရွာနှင့် တစ်ရွာကြား အငြင်းပွားမှုစတင် ဖြစ်ပွားခဲ့ပြီး KIA မှ ကျေးရွာလူကြီးများကို အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။